ပူတာအိုမြို့နယ် လေကြောင်းပစ်ခတ်မှု အရပ်သားခြောက်ဦးဒဏ်ရာရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ရွာက စစ်ကောင်စီစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကေအိုင်အေနဲ့ PDF အဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မနေ့က လေကြောင်းသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ ဆွမ်ပီယာန် ရွာသား ခြောက်ဦး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ဆွမ်ပီယာန်ရွာသား တစ်ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"တစ်ရွာလုံး အခုက တောမှာထွက်ပြေးနေတယ်။ ရွာမှာ ဘယ်သူမှ မရှိတော့။ တောမှာ ထွက်ပြေးနေရတယ်။ စားဖို့သောက်ဖို့လည်း မရှိဘူး။ နေဖို့လည်း မရှိဘူး။ ဒီတိုင်းပဲ ထွက်ပြေးလာရလာ။ ဘာမှကိုပါမလာဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ထည်နဲ့ပဲ ထွက်ပြေးလာတာ။ လေယာဉ်ပြန်လာမယ်လို့ကြားလို့ ရွာထဲကိုလည်း ပြန်မလာရဲ သေးဘူး"
ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီး လေးဦး၊ အမျိုးသား နှစ်ဦး ဖြစ်ပြီး အဲဒီအထဲမှာ အသက် ၈ နှစ်အရွယ် ကလေး တစ်ဦးလည်း ပါဝင်တယ်လို့လည်း ဆိုပါတယ်။ လည်ပင်း၊ မျက်စိ၊ ပေါင်၊ လက်နဲ့ ဗိုက်တွေမှာ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူ ခြောက်ဦးထဲမှာ သုံးဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်လိုက်ရပြီး ကျန်သုံးဦးကတော့ ရွာသားတွေနဲ့အတူ တောထဲမှာ ထွက်ပြေး တိမ်းရှောင် နေရဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မနေ့က လေကြောင်းကနေ ပစ်ခတ်မှုကြောင့် ရွာထဲက နေအိမ်နှစ်လုံး မီးလောင်ပျက်စီး သွားသလို အခြား အိမ်သုံးလုံးလည်း လူနေလို့မရအောင် ပျက်စီးသွားတယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။
ဆွမ်ပီယာန်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ပူတာအိုကနေ မိုင် ၅၀ ခန့်အကွာမှာရှိတဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆွမ်ပီယာန်ကျေးရွာ တပ်စခန်းကို ကေအိုင်အေနဲ့ PDF တွေက သွားရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ကေအိုင်အေ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို မနေ့က ပြောထားပါတယ်။