လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မုန်းမြို့က ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေး

RFA Burmese
2024.03.24
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် မုန်းမြို့က ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေး ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက် တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရွာပေါင်းသုံးဆယ်က ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မတ်လဆန်းက စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးစီးနင်းတဲ့အပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် တံခွန်တိုင်၊ ရေတွင်းကုန်းလေး၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ဥသျှစ်ကုန်း စတဲ့ရွာတွေ အပါအဝင် ရွာသုံးဆယ်က ဒေသခံ ၁၈၄၂၂ ဦး ထွက်ပြေးနေရတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရပ်သားတွေ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီလိုပါတယ်။ အခုက ဘေးလွတ်ရာ ထွက်ပြေးရတယ်။ လယ်ထဲ၊ ယာထဲနေကြတယ်။ သီးသန့်နေရာကတော့ ထားတာမရှိဘူး”

ဒီအပြင်မတ်လ ၁၄ ရက်နေ့တုန်းကလည်း စဝင်နဲ့ ကျွန်းတောရွာက နေအိမ် ၄၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် မတ်လ ၁၈ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ၂ သန်း ၈ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။