မောင်တောမှာ ဗုံးကြဲခံရပြီး ကိုယ်ဝန်ဆောင် အပါအဝင် ငါးဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

RFA Burmese
2024.10.21
မောင်တောမှာ ဗုံးကြဲခံရပြီး ကိုယ်ဝန်ဆောင် အပါအဝင် ငါးဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ လေးမိုင် နခခ-၂ စခန်း ဗုံးကြဲခံရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် AA မှ ထုတ်ပြန်ထားစဉ်။
Screenshot: AA Info Desk - Telegram Video

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာကို အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက် ၂ နာရီ ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး နောက်ထပ် ၁၄ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့ကနေ စစ်ဘေးတိမ်းရှောင်နေသူ အမွှာညီအစ်မတွေဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် မခင်သီတာဌေး၊ မအေးအေးအောင်နဲ့ ဖားဝပ်ချောင်းရွာခံ ဒေါ်လှလှအေး၊ ကိုမောင်မောင်သိန်း၊ ကိုနေဇော်ဦးတို့ သေဆုံးသွားတာပါ။

မခင်သီတာဌေးဟာ ကိုယ်ဝန် ခုနစ်လ လွယ်ထားရသူဖြစ်ပြီး မအေးအေးအောင်မှာတော့ ၃ လသား အရွယ် ကလေး တစ်ဦး ကျန်ရစ်တယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ဗုံးကတော်တော်လေးကိုပြင်းတယ်။ အိမ် လေး၊ ငါးဆောင် တစ်ခါတည်းပြိုသွားတာ။ သေတာက ညီအစ်မ နှစ်ယောက်၊ ပြီးရင် နောက်ထပ် အမျိုးသမီး တစ်ယောက်နဲ့ ရွာသား နှစ်ယောက်သေတယ်။ ၁၄ ယောက်တော့ ဒဏ်ရာရသွားတယ်။ ရွာသားတွေရော၊ စစ်ဘေးရှောင်နေတဲ့သူတွေရော ထိခိုက်သွားတာ။ အဲဒီမှာ တိုက်ပွဲ ဖြစ်တာမရှိဘူး။ ဒီအတိုင်း အိပ်နေကြတဲ့အချိန်မှာ ဗုံးလာကြဲသွားတာ”

လက်ရှိမှာ ဒဏ်ရာတဲ့သူတွေကို ဆေးကုသပေးနေပြီး နောက်ထပ် ဗုံးလာကြဲမှာကို ဒေသခံတွေ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ သူက ပြောပါတယ်။

မောင်တောမြို့ပေါ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ ပြင်းထန်နေတာပါ။

တိုက်ပွဲအတွင်း မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို AA က သိမ်းပိုက်ထားပြီး မောင်တောမြို့က စစ်ကောင်စီရဲ့ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တပ်စခန်းတစ်ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

နခခ(၅)ကိုလည်း AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း စစ်ရေယာဉ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးခုခံနေသလို AA သိမ်းပိုက်ထားတဲ့ နေရာတွေကို ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်မှုတွေကြောင့် သံတွဲ၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ အရပ်သားနဲ့ စစ်သုံ့ပန်းတွေ အပါအဝင် ၉၃ ဦး သေဆုံးပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။