မတ္တရာမြို့နယ်ထဲက ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ဒေသခံ သုံးဦးဒဏ်ရာရ

RFA Burmese
2023.11.15
မတ္တရာမြို့နယ်ထဲက ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ဒေသခံ သုံးဦးဒဏ်ရာရ မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာအား တွေ့ရစဉ်။
Madaya We Love

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ဘက်အခြမ်းက ရွာတွေကို နိုဝင်ဘာလ ၁၅ ရက်ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ သုံးဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ မတ္တရာမြို့နယ်ထဲမှာရှိတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းကို ဒီနေ့မနက် ၁၁ နာရီလောက်က လေယာဥ်နဲ့ ဗုံးလေးလုံးကြဲခဲ့တာကြောင့် ဒေသခံတချို့ ဒဏ်ရာရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“ဗုံးနှစ်လုံးက မတ္တရာမြို့နယ် နဂါးပတ်တောင်နားကို ကျပြီးတော့၊ ကျန်တဲ့ဗုံးနှစ်လုံးက ကျောက်ဆည်လေး ရွာထဲကိုကျလို့ အဲဒီရွာက ဒေသခံ သုံးယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ ကနဦး သိရတယ်”

နိုဝင်ဘာလ ၁၄ ရက် မနေ့ညနေ ၃ နာရီဝန်းကျင်ကလည်း မတ္တရာမြို့နယ်အရှေ့ ဘက်ခြမ်းက ကင်းရွာအနီး တောင်ကြောဘက်ကို ဗုံးကြဲခဲ့တယ်လို့လည်း ဆိုပါတယ်။

မတ္တရာမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပေမယ့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တိုက်ပွဲအခြေအနေ အသေးစိတ်ကို ထုတ်ပြန်သွားမယ်လို့သာ RFA ကို တုံ့ပြန်ပါတယ်။

မတ္တရာမြို့နယ်မှာ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်ကလည်း ဆရာတော်နှစ်ပါးနဲ့ ဒေသခံငါးဦးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လွတ်လာတာမရှိသေးသလို အဆက်အသွယ်လည်း မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။