လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်အတွင်း အရပ်သား တစ်ထောင်နီးပါး သေဆုံး
2024.02.10

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်နီးပါးကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၃၆ ဦး သေဆုံးခဲ့တယ်လို့ ညဏ်လင်းသစ်သုတေသနအဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
ဒီအပြင် အရပ်သား ၈၇၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
သုံးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆၅၂ ကြိမ်ပြုလုပ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အကြိမ်ရေ ပိုများလာပါတယ်။
အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၆၃ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၃၃၉ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂၆၀ သေဆုံးကာ ၈၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၁၂၂၈ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပြီး အရပ်သား ၆၁၃ ဦး သေဆုံးကာ ၇၅၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီအပြင် သုံးနှစ်နီးပါးအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဆေးခန်း ၂၈ ခု၊ စာသင်ကျောင်း ၇၆ ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ ၁၃၇ ခု ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို မှတ်တမ်းယူထားပြီး အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
"ရာဇဝတ်မှုကြီးတွေ ကျူးလွန်နေတဲ့ဟာတွေကို တရားဥပဒေစိုးမိုးချိန်မှာ ပြန်ပြီးအရေးယူနိုင်ဖို့ အထောက်အထားတွေ မှတ်တမ်းတွေ ရယူထားပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ဒီဗိုလ်ချုပ်တွေ၊ အမိန့်ပေးတဲ့သူတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့သူတွေဟာ နိုင်ငံတကာဥပဒေအရ အပြင်းထန်ဆုံးအရေးယူခံရမှာဖြစ်သလို ပြည်တွင်းဥပဒေအရလည်း အပြင်းထန်ဆုံး အရေးယူခံရမှာဖြစ်ပါတယ်"
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အခုလို တိုးမြှင့်လုပ်ဆောင်လာတာဟာ စစ်အင်အားချွေတာဖို့နဲ့ ပိုမိုထိရောက်ဖို့ဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေက ပြောဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနှိမ်နင်းရေးမှာ လေကြောင်းစွမ်းအားကို ထိထိရောက်ရောက်အသုံးချနေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က ပြောဆိုခဲ့ပါတယ်။