ဖလမ်းမှာ စာသင်ကျောင်း ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး၊ ကလေးသုံးဦး ဒဏ်ရာရ

RFA Burmese
2024.10.10
ဖလမ်းမှာ စာသင်ကျောင်း ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး၊ ကလေးသုံးဦး ဒဏ်ရာရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လိမ်ဆိန်ကျေးရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ခြောက်မိုင်အကွာ လိမ်ဆိန် (Relsing) ရွာ စာသင်ကျောင်းနဲ့ ဘောလုံးကွင်းအနီးကို အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ကလေး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးရှစ်လုံး ကြဲချခဲ့တဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံ အမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်မတို့ အံ့ဩတာပေါ့နော်၊ တိုက်ပွဲမဖြစ်တာ ကြာလှပြီ။ အခုလို လေကြောင်းနဲ့ရော၊ လက်နက်ကြီးနဲ့ လာပစ်တာဆိုတော့ စိုးရိမ်နေရတယ်။ တိုက်ပွဲပြန်စတော့မလားပေါ့။ မနေ့ကဆို လေကြောင်းနဲ့ ဗုံးရှစ်လုံးကြဲတာ။ လက်နက်ကြီးတွေနဲ့တော့ မြို့ပေါ်ကနေပစ်တာ"

သေဆုံးသူဟာ အသက် ၅၇ နှစ်အရွယ် ဦးဗျက်ကစ်ကျဲ (Biak kip ceu) ဖြစ်ပြီး၊ ဒဏ်ရာရသွားတဲ့ ကလေးသုံးဦးရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ အရပ်သား ထိခိုက်သေဆုံးတာအပြင် စာသင်ကျောင်းမှာရှိတဲ့ အဆောက်အအုံသုံးလုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာလ ၈ ရက်နေ့ကလည်း ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လုံးပီရပ်ကွက်က အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၁၇ ဦး သေဆုံးခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။