ဖားကန့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

RFA Burmese
2024.09.23
ဖားကန့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် ဖားကန့်မြို့ပေါ်တွင် လူသူကင်းမဲ့နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Naung Yoe

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာအနီးက ကျောက်သွေးတောင်ကို စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့ ဗုံးစထိမှန်ခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"လေယာဉ်ပေါ်ကနေ ဗုံးနဲ့ရော၊ ရော့ကတ်နဲ့ရော ပစ်ချတာပေါ့။ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ဒဏ်ရာမပြင်းဘူး။ လက်တို့၊ ခါးတို့၊ ဂုတ်တို့က အစမှန်တယ်။ အဲဒီနေ့ပဲ ဆေးတွေ ဘာတွေလည်း ကုပေးလိုက်ကြတယ် ပြောတယ်"

ဆိုင်းတောင်ရွာအနီးက ကျောက်သွေးတောင်ပေါ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ရှိနေတယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း နေအိမ် လေးရာခန့် မီးရှို့ဖျက်ဆီးခံထားရသလို တိုက်ပွဲအတွင်း ဒေသခံ သုံးဆယ်ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနဲ့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဆိုင်းတောင်ရွာနဲ့ ဖားကန့်မြို့ဟာ ခြောက်မိုင်သာ ကွာဝေးပြီး ဖားကန့်မြို့ကိုပါ တိုက်ပွဲတွေ ကူးစက်လာမှာ စိုးရိမ်တာကြောင့် မြို့ခံသုံးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။