သီပေါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဦး သေဆုံး
2024.08.20

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ ဩဂုတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၃) အနီးက နားမုံရပ်ကွက်ထဲကို စစ်ကောင်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ကျောက်စုရပ်ကွက်မှာရှိတဲ့ စက်သုံးဆီသိုလှောင်ကန်အတွင်းကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှာလည်း သီပေါမြို့နယ်၊ နမ့်လန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ် နှစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
သီပေါမြို့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။