ဖားကန့်မှာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်

2022.02.06
ဖားကန့်မှာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက် ၂၀၂၂၊ ဖေဖော်ဝါရီ ၅ ရက်နေ့က စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်လို့ ဖားကန့်မြို့နယ် နန့်ယား ကပ်မှော်က ပျက်စီးသွားတဲ့ နေအိမ်တွေကို တွေ့ရစဉ်
Photo: Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကပ်မှော်မှာ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေ သုံးရက်တာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်၊ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ သုံးရက်တာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"မနေ့ကထိတော့ တိုက်ပွဲဖြစ်နေဆဲပဲ။ ဒီနေ့တော့ ဘာမှ သတင်းမရသေးဘူး။ စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တာတွေလည်း ရှိတယ်"

စစ်ကောင်စီရဲ့ ခလရ ၁၁၁ နဲ့ ကေအိုင်အေ အမှတ် (၄၄) တပ်ရင်းတို့ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက်က တပ်ရင်းမှူး အပါအဝင် အကျအဆုံးများလို့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တစ်ဦး က ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့ ပြန်လာသယ်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သုံးရက်တာတိုက်ပွဲမှာ နှစ်ဘက် အကျအဆုံး အရေအတွက် စာရင်းတွေကို မသိရသေးဘူး လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မနေ့ကဆိုရင် ဖားကန့် ကပ်မှော်မှာ မနက်ကတည်းက ညနေအထိ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေ့လယ် ၁၂ နာရီခန့်မှာ ဂျက် လေယာဉ် နှစ်စင်း၊ ရဟတ်ယာဉ် တစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့သလို ညနေ ၃ နာရီခန့် မှာလည်း ဂျက်လေယာဉ်တစ်စင်းနဲ့ နောက်တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်လေယာဉ်ပေါ်ကနေ ပစ်တဲ့လက်နက်ကြီးကြောင့် ကပ်မှော်ရွာက အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်လည်း ခြေထောက်ပြတ် ဒဏ်ရာရရှိကာ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြစ်ကြီးနား၊ ဖားကန့်လမ်း၊ နမ့်ယားရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကလည်း မနေ့က တစ်ရက်တည်းမှာတင်ပဲ လက်နက်ကြီးနဲ့ အကြိမ်ပေါင်း ၇၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။