အင်းတော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက် မနေ့ကစပြီး စစ်ကောင်စီ တပ်က လေကြောင်းက နေတိုက်ခိုက်ခဲ့တာကြောင့် အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မှာလည်း လေကြောင်းကနေ လာရောက်တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရဆဲပဲလို့ အင်းတော် ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၈ ရက်နေ့ တိုက်ပွဲဖြစ်ပြီးနောက် တစ်ခါလာကြဲတာ။ ဒီနေ့ ၁၂ နာရီလောက်မှာလည်း လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲသွားတယ်။ ဒီနေ့က ဒုတိယအကြိမ်ပေါ့။ အခုထိလည်း ကျေးရွာမှာ မီးမလောင်သေးတဲ့အိမ်တွေကို ထပ်ပြီးမီးရှို့နေတယ်လို့ကြားတယ်။ နန့်သာ၊ အောင်းကုန်း၊ အင်ပင် အဲနားကရွာတွေက လူတွေလည်း ရွာမှာဘယ်သူမှ မရှိဘူး၊ အကုန်လုံး ထွက်ပြေးနေကြတာ။ ၁၈ ရက်နေ့ကစပြီး ထွက်ပြေးကြတာ အခုထိပဲ”
အောက်တိုဘာ ၁၈ ရက်နေ့က အင်အား ၆၀ ကျော်ခန့်ပါတဲ့ စစ်ကောင်စီတပ်က အောင်းကုန်းရွာကဘက်ကို စစ်ကြောင်းထိုးစဉ်မှာ PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ပြန်လည်ပစ်ခတ်တိုက်ခိုက်နေတာလို့ အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နေအိမ်အချို့လည်း မီးရှို့ခံခဲ့ရတယ်လို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
“အောင်းကုန်းရွာက နေအိမ် ၁၀ လုံးကတော့ စစ်ကောင်စီတပ်တွေ ရှို့လိုက်တာ။ ၃ လုံး ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတာ။ ဒီနေ့လည်း လေယာဉ် နှစ်စီးနဲ့ လာပစ်တယ်။ အောင်းကုန်းရွာက ကုန်စုံဆိုင်တစ်ဆိုင် ထိတယ်လို့ပဲ သတင်း ရသေးတယ်။ ညနေပိုင်း ၂ နာရီလောက်မှာတော့ နန့်သာကျေးရွာကို မီးထပ်ရှို့တယ်။ နေအိမ်တော်တော်ပါသွားတယ် အတိအကျတော့ မသိနိုင်သေးဘူး။ တိုက်ပွဲကတော့ ၁၈ ရက်နေ့ကဖြစ်တယ်။ ဒီနေ့တော့ တိုက်ပွဲမရှိဘူး”
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေး ဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်အာဏာသိမ်းပြီးနောက် လူနေအိမ်မီးရှို့ခံရမှု အခြေအနေတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ကတော့ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။