KNU နယ်မြေမှာ သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၄၀ ဦးသေ၊ ၁၄၂ ဦးဒဏ်ရာရ
2023.05.01

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ မတ်လအထိ သုံးလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄၀ ဦးသေဆုံးခဲ့ပြီး ၁၄၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မေလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီသုံးလအတွင်း KNU နယ်မြေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၁၆) ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ ၁၅ ဦးသေဆုံးခဲ့သလို ၂၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးနဲ့ (၄၃၈) ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂၅ ဦးသေဆုံးခဲ့ပြီး ၁၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၅၄၈ လုံး၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေပါ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် KNU ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတိုက်ခိုက်နေတဲ့ PDF တွေအများအပြား ခိုလှုံခွင့်ပေးထားတဲ့အပြင် စစ်ရေးအကူအညီတွေပါ ပေးနေတာပါ။
ဒါကြောင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ KNU အကြား တိုက်ပွဲရှစ်ထောင်ကျော် ဖြစ်ခဲ့ပါတယ်။
KNU ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း တပ်မဟာခုနစ်ခုခွဲပြီး နယ်မြေတချို့ကို ထိန်းချုပ်ထားပါတယ်။