ထီးချိုင့်မှာ လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

RFA Burmese
2023.11.14
ထီးချိုင့်မှာ လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတချို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က ရွာတွေကို နိုဝင်ဘာလ ၁၃ ရက်ညနေ ၃ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုတဲရွာနဲ့ ဆပ်ကျရွာ အပါအဝင် အနီးပတ်ဝန်းကျင်ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူ သုံးယောက်ကတော့ ပွဲချင်းပြီး ၁၄ ယောက်ကတော့ ဒဏ်ရာ အကြီးအကျယ် ရထားတယ်။ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ လာကြဲသွားတာ”

ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းနဲ့ ပစ်ခတ်နေသလို လက်နက်ကြီး တွေနဲ့ပါ ပစ်ခတ်နေတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

ထီးချိုင့်မြို့ကို နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ ထီးချိုင့်မြို့ပေါ် တိုက်ပွဲကို လေကြောင်းပစ်ကူနဲ့ တိုက်ခဲ့ကြောင်း MRTV အပါအဝင် ပြည်တွင်း မီဒီယာတွေကို နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ ဖြေဆိုထားပါတယ်။

ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ငါးရက်အတွင်း အရပ်သား တစ်ရာကျော် သေဆုံးခဲ့တယ်လို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။