ကျောက်ကြီးမှာ ကလေးငယ် တစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ
2023.12.14

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (မူးမြို့နယ်) မှာ ဒီဇင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နှစ်သား မောင်ကောင်းဆက်နိုင် သေဆုံးခဲ့ပြီး အသက်မပြည့်သေးသူ သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။
ကျောက်ကြီးမြို့နယ်၊ ဝဲကြီးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး လေယာဉ်ပစ် ဒုံးကျည် ၁၂ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက်တစ်နှစ်အရွယ် မောင်ကောင်းဆက်နိုင် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီမှာ ဝဲကြီးရွာက မသန်းကြည်၊ ကိုသန်းထွေးနဲ့ အသက် ၁၄ နှစ်အရွယ် မောင်စည်သူအောင်တို့ ထိခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် (မူးမြို့နယ်) ထဲက ရွာတစ်ရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် မခင်နန်းချော၊ ကိုနေစန်းထွေး၊ အသက် ၁၃ နှစ်အရွယ် မောင်ရှမ်းမင်းသူနဲ့ အမည်မသိ ကလေးတစ်ဦးတို့ ထိခိုက်မှုရှိခဲ့တယ်လို့ KNU က ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာ နေအိမ် ခြောက်လုံးနဲ့ ဈေးဆိုင်တစ်ဆိုင် ပျက်စီးသွားတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိပါးပြီး ပြည်သူတွေအထင်လွဲအောင် ထုတ်ပြန်ထားတာလို့ တုံ့ပြန်ပါတယ်။