လိုင်ဇာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ

RFA Burmese
2023.10.10
လိုင်ဇာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု ကုလမှာ ဦးကျော်မိုးထွန်းတင်ပြ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ညက စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းနှင့် ဒေသခံတစ်ဦးအား တွေ့ရစဉ်။
Awng Ja

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေး ဒုက္ခသည်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကို (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ထည်သွင်းပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးက အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ)ရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့တာလို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း အပါအဝင် ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို ခွဲခြားမှုမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အခုမိန့်ခွန်းပြောကြားနေချိန်မှာပဲ လိုင်ဇာမြို့ကို ပစ်ခတ်တာ ကြားသိရတယ်လို့ ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် စစ်ဘေး ဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့တယ်လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ဒီနေ့မှာပဲ ဖြေဆိုထားပါတယ်။

သေဆုံးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ဆယ်ဦးထက် မနည်းပါဝင်ပြီး ထိခိုက်ဒဏ်ရာရ သူ ၅၆ ဦးအထိရှိနေပြီလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့အတွက် စစ်တပ်အပေါ် စစ်လက်နက်နဲ့ လေယာဉ်ဆီတင်ပို့တာရပ်ဆိုင်းပြီး အပြည့်အ၀ပိတ်ပင်ဖို့ အဆောတလျင်လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေး၀န်ကြီး ဦး၀င်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် သူ့အနေနဲ့ သေချာမသိရှိသေးဘူးလို့သာ ဖြေဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။