လားရှိုး ကွန်ပျူတာတက္ကသိုလ်အနီး ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2024.10.06
လားရှိုး ကွန်ပျူတာတက္ကသိုလ်အနီး ဗုံးကြဲတိုက်ခိုက်ခံရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်အနီးတွင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Facebook/ 果敢资讯网

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ကွန်ပျူတာတက္ကသိုလ်အနီးမှာ အောက်တိုဘာလ ၅ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ်လုပ်သွားတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ လူသေဆုံးတာမရှိပေမဲ့ ကွန်ပျူတာတက္ကသိုလ်ထဲက နေအိမ်အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ လေကြောင်းထိုးစစ်တွေနဲ့ လားရှိုးမြို့ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာပါ။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ်နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သုံးလအတွင်း အရပ်သား တစ်ရာကျော် ထိခိုက်ဒဏ်ရာရတယ်လို့ MNDAA က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး အပါအဝင် သုံးဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။