မတ္တရာမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ
2024.06.25

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်း အင်ကြင်းမြိုင်ရွာက စစ်ကောင်စီတပ်ရဲ့ အထိုင်ချတပ်စခန်းကို PDF ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတာကြောင့် အင်ကြင်းမြိုင်ရွာနဲ့ အနီးအနားရွာတွေက ဒေသခံသုံးထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနက်အစောကြီးကတည်းက အင်ကြင်းမြိုင် အထိုင်တပ်ကို PDF တွေက ဝင်တိုက်တယ်။ ဒီမနက် ၈ နာရီလောက်ရောက်တော့ လေယာဥ်နဲ့ ဗုံးကြဲတာ အားလုံးပေါင်း ရှစ်လုံးလောက်ရှိမယ်။ အဲဒီဖြစ်တဲ့ဝန်းကျင်က ရွာငါးရွာလောက်က တောထဲ ထွက်ပြေးနေရတယ်"
ဒီကိစ္စပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီနေ့တစ်ရက်တည်းမှာပဲ မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။