မတူပီ ဝေလူးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံး
2023.11.16

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့၀င်တွေက ပြောပါတယ်။
ဝေလူးရွာကျေးရွာမှာ တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ခြောက်လုံး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချင်းဒေသခံတစ်ဦးက ပြောပါတယ်။
"သေတဲ့ထဲမှာ မိသားစု တစ်ခုလုံး သေတာလည်းရှိတယ်။ ကလေးတွေလည်း ပါတယ်။ သေတာက ၁၀ ယောက်ကျော် သေတယ်။ နေအိမ်တွေလည်း တချို့ထိတယ်။ တိုက်ပွဲမရှိဘူး အကြောင်းမဲ့ပစ်တာ"
လေကြောင်းနဲ့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက မတူပီမြို့ကို ဖုန်းလိုင်းဖြတ်တောက် ထားတာကြောင့် သေဆုံးသူအရေအတွက် အတိအကျနဲ့ နောက်ဆက်တွဲအခြေအနေတွေကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဝေလူးကျေးရွာဟာ မတူပီမြို့နဲ့ မိုင် ၄၀ ခန့် ကွာဝေးပြီး အိမ်ခြေ ၇၀ နီးပါးနဲ့ လူဦးရေ ၂၅၀ ကျော် နေထိုင်ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၃၅ ဦးအထိ ရှိနေပါတယ်။