မင်းပြားမြို့ ဗုံးကြဲခံရမှု အမျိုးသမီးတစ်ဦး သေဆုံး
2024.06.10
ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်က အလယ်ပိုင်းရပ်ကွက်ကို ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ်ရှိတဲ့ မင်းပြားမြို့ခံ ဒေါ်ယဉ်ယဉ်အေးဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ နေ့လယ်က မြို့ထဲကို လေယာဉ်နဲ့ဗုံးလာကြဲတာပါ။ တစ်လုံးက အလယ်ပိုင်းရပ်ကွက်ထဲကို ကျတယ်။ ဒေါ်ယဉ်ယဉ်အေးဆိုတဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်လုံးက ဓမ္မိကာရုံ ဘုန်းကြီးကျောင်းမှာကျတယ်။ ကျောင်းလည်း အတော်ပျက်စီးသွားတယ်”
ဇွန်လ ၉ ရက် မနေ့ကတစ်ရက်တည်းမှာပဲ မောင်တောမြို့နယ် ကိုင်းကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ ကလေးနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်က တိုက်ပွဲကာလ ခုနစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၁၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၁၄၆ ဦးအထိ ရှိသွားပြီလို့ ဇွန်လ ၈ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။