မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်
2024.06.21
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လာရောက် ဗုံးကြဲခဲ့တာဖြစ်ပြီး မနေ့က တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
မိုးကုတ်မြို့ခံတစ်ဦးကတော့ တိုက်ခိုက်မှုတွေက မိုးကုတ်မြို့ပေါ်မှာမဟုတ်ဘဲ မြို့ပတ်ပတ်လည်မှာ ဖြစ်နေတာလို့ ပြောပါတယ်။
“ဒီရက်ပိုင်း လေယာဉ်ဝဲနေတာ နေ့တိုင်းလိုပဲ။ မနေ့ကလည်း မြို့ပေါ်ကနေ ဖြတ်ပျံသွားတာရှိတယ်။ မြို့ခံထဲက တချို့တော့ ကြိုပြီးတော့ ရှောင်နေကြတာတော့ ရှိတယ်။ မြို့ပေါ်မှာတော့ အခြေအနေက ပုံမှန်ပါပဲ။ ဖြစ်နေတာက မြို့ပတ်လည်က ရွာတွေဘက်မှာ ဖြစ်နေတာ”
ဇွန်လ ၁၉ ရက်နေ့ကလည်း မိုးကုတ်မြို့နယ် ဖြူရောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆလောင်တောင်နဲ့ ညောင်ကုန်းရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ TNLA ထုတ်ပြန်ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ စစ်ဆင်ရေးကိစ္စတွေဖြစ်တဲ့အတွက် သူ့အနေနဲ့ အခြေအနေအသေးစိတ်ကို မသိရှိကြောင်း ပြောဆိုပါတယ်။
မိုးကုတ်၊ မိုးမိတ်နဲ့ နောင်ချိုမြို့နယ်အတွင်းမှာ ဇွန်လ ၁၈ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် TNLA တပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သလို အရပ်သားတွေထဲက ကလေးငယ်တစ်ဦး အပါအဝင် လေးဦးဒဏ်ရာရခဲ့တယ်လို့ TNLA တပ်ဖွဲ့ရဲ့ ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။