မြောက်ဦးမှာ လေကြောင်းပစ်ခတ်မှုအတွင်း ရှေးဟောင်းဘုရားတချို့ ထိမှန်ပျက်စီး

RFA Burmese
2023.12.14
မြောက်ဦးမှာ လေကြောင်းပစ်ခတ်မှုအတွင်း ရှေးဟောင်းဘုရားတချို့ ထိမှန်ပျက်စီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ရာမှာ ရှေးဟောင်းဘုရားတချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သက္ကျမာန်အောင်ဘုရား၊ ရတနာ့မာန်အောင်ဘုရားနဲ့ ဘုရားသိမ်တော်ကြီး အပါအဝင် ဘုန်းကြီးကျောင်းမှာ လက်နက်ကျည်ကျတာကြောင့် ထိခိုက်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့အချိန်မှာ ထိခိုက်သွားတာပါ။ သက္ကျမာန်အောင် ဘုရားမှာ ထီးပျက်သွားတယ်။ ပြီးရင် ရတနာ့မာန်အောင်စေတီမှာ ပဲ့ထွင်းသွားတယ်။ ဘုရားသိမ်တော်နဲ့ ဘုန်းကြီးကျောင်းမှာလည်း တချို့ပျက်စီးသွားတာ ရှိပါတယ်။ ဒီဘုရားစေတီတွေက ရှေးဟောင်းအမွေအနှစ်တွေပါ။ ဒါက ပြန်မရနိုင်ဘူးလေ။ ဒါကြောင့် တိုက်ပွဲဖြစ်ရင်လည်း ဒီရှေးဟောင်းနယ်မြေတွေကိုတော့ ရှောင်ရှား စေချင်ပါတယ်"

မြောက်ဦးမြို့အဝင် အလယ်ဈေးရပ်ကွက် ဘီလူးကန်ရွာနားမှာ မနေ့ညနေပိုင်းမှာ မြို့ပြင်ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ နာရီဝက်ကျော်ကြာ လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဒီဇင်ဘာလ ၁၃ ရက် မနေ့က ထုတ်ပြန်ချက်မှာ မြောက်ဦးမှာ မနေ့က မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တာကြောင့် ရှေးဟောင်းသမိုင်းဝင် စေတီ၊ ဘုရား တချို့ ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြောက်ဦးမြို့မှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဘုရား၊ စေတီတွေကြားမှာ AA က ခံကတုတ်တွေ၊ ယာယီ နေရာတွေ ပြုလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှာ ဒီကနေ့ ပြောဆိုထားပါတယ်။

မြောက်ဦးမြို့ဟာ ရှေးဟောင်းသမိုင်းဝင်မြို့ဖြစ်သလို ရခိုင်တွေရဲ့ နောက်ဆုံး မင်းနေပြည်တော်လည်း ဖြစ်ပါတယ်။ ရခိုင်ဘုရင်အဆက်ဆက်က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တရားဝင်အသိအမှတ် ပြုခံရဖို့ အဆိုပြုလွှာတင်ထားချိန်မှာ အခုလို တိုက်ပွဲတွေကြား ရှေးဟောင်းအမွေအနှစ်တွေ ဒီထက်ပိုပြီး ပျက်စီးသွားမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။