ပေါက်တောမှာ လေကြောင်းနဲ့ ဗုံးကြဲလို့ ရဟန်းတစ်ပါးအပါအဝင် လေးဦး ဒဏ်ရာရ

RFA Burmese
2024.06.17
ပေါက်တောမှာ လေကြောင်းနဲ့ ဗုံးကြဲလို့ ရဟန်းတစ်ပါးအပါအဝင် လေးဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Arakan Princess Media

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၆ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းထိုင်ဆရာတော်နဲ့ ဒေသခံသုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သက်တော် ၇၀ ကျော်အရွယ်ရှိတဲ့ ကြိမ်ခွေမော်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝိလာသ၊ အသက် ၈၀ အရွယ် ဦးလှစိန်၊ အသက် ၁၇ နှစ်အရွယ် ကိုမင်းနိုင်နဲ့ ဒေါ်ဦးယဉ်စိန်တို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ကြိမ်ခွေမော်ရွာကို လေကြောင်းဗုံးကြဲတာအပြင် စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်မတို့ အိပ်နေတဲ့အချိန်မှာ ရွာထဲကို ဗုံးလာကြဲတာပါ။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ စစ်တွေတပ်ထဲကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ပေါက်ကွဲသံ ဆယ်ကြိမ်လောက် ကြားလိုက်တယ်။ မနက်မိုးလင်းမှ ဘုန်းကြီးနဲ့ လူသုံးယောက် ဒဏ်ရာရသွားတာ သိရတယ်။ ဘုန်းကြီးကျောင်းလည်း ပျက်သွားတယ်။ ပြီးရင် စာသင်ကျောင်းလည်း ပျက်သွားတယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၁၁ ရက်နေ့ကလည်း ပေါက်တောမြို့ပေါ်နဲ့ သဝင်ချောင်း၊ မနော်သီရိ၊ လက်ပံပြားစတဲ့ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလ ခုနစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့အရပ်သား ၃၁၉ ဦး၊ ဒဏ်ရာရသူ ၁၁၄၆ ဦးအထိ ရှိသွားပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၈ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။