ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်

RFA Burmese
2024.02.22
ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက် ပင်လည်ဘူး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။
Facebook/ Pinlebu Revolution - PR

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်က မြို့မရဲစခန်းနဲ့ စစ်ကောင်စီ အထိုင်တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၂ ရက်အထိ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီကလည်း လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြို့မရဲစခန်းအပါဝင် စာသင်ကျောင်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း နှစ်ရက်အတွင်း လေကြောင်းနဲ့ ၁၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့ပေါ်မှာတော့ ဒေသခံအများစု မရှိတော့သလို လက်ရှိချိန်အထိ တိုက်ပွဲဖြစ်နေတာကြောင့် မြေပြင်အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ပေါ်မှာ ဒေသခံတွေက သိပ်မရှိတော့ ဟိုတစ်ခါ ဖြစ်ပြီးကတည်းက သိပ်လာမနေကြတော့ စကစနဲ့ သူတို့နဲ့ နေလို့ရတဲ့သူတွေ နည်းနည်းပါးပဲ ရှိတော့တယ်။ အဲဒီဘက်က ဖုန်းလိုင်းတွေ အကုန်ဖြတ်တာဆိုတော့ မြေပြင်က အခြေအနေ အသေးစိတ်ကိုတော့ လတ်တလော မသိသေးဘူး။ ပင်လည်ဘူးမြို့က သေနေသလို ဖြစ်တာပေါ့။ ပြီးတော့ အင်အားလည်း ချည့်နဲ့နေတယ်လို့ ယူဆပြီး တိုက်တယ်ထင်တယ်”

စစ်ကောင်စီတပ်က ဂျတ်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး မြို့ပေါ်အပါအဝင် မြို့နားက ခေါက်စင်းနဲ့ ‌ပေကုန်းရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ လေတိုက်ခိုက်မှုကြောင့် ခေါက်စင်းနဲ့ ပေကုန်းရွာက ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပင်လည်ဘူးမြို့ ဒေသခံအများစုဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်ကတည်းက ပြန်မလာတဲ့ သူတွေများတယ်လို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့ကို စစ်ကောင်စီ ဆက်သွယ်ရေးနဲ့ အင်တာနက်ကို ဖြတ်တောက်ထားပြီး မြို့အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို သိရဖို့ RFA က ဆက်ပြီး စုံးစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပင်လည်ဘူးမြို့မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၆၆) နဲ့ (၃၇၀) လက်အောက်ခံ တပ်သားနဲ့ ရဲတပ်သား နှစ်ရာဝန်းကျင် ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။