ဟားခါး ဆဲန်ထန် CDF ဌာနချုပ်ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲ

RFA Burmese
2023.05.11
ဟားခါး ဆဲန်ထန် CDF ဌာနချုပ်ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲ ဆဲန်ထန် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။
CDF Senthang

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ခွာပီးကျေးရွာအနီးမှာရှိတဲ့ ဆဲန်ထန် ချင်းဒေသကာကွယ်ရေး အဖွဲ့ (Senthang CDF) ဌာနချုပ်စခန်းနဲ့ ခွာပီးကျေးရွာထဲကို မေလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF ဆဲန်ထန်အဖွဲ့က ပြောပါတယ်။

ခွာပီးကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDF Senthang ရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီနေ့ နေ့လယ်မှာ လာကြဲတာ၊ လေယာဉ်နဲ့။ အထိအခိုက်တော့ ဘယ်လောက်ရှိလဲ မသိရသေးဘူး။ အရင်တစ်ခေါက်လည်း ဗုံးလာကြဲသေးတယ်။ အခုက ဒုတိယအကြိမ် ပေါ့"

ဟားခါးမြို့နယ်နဲ့ မတူပီမြို့နယ်ကြားရှိ CDF Senthang ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက ဖုန်းလိုင်းတွေဖြတ်ဝောာက်ထားတာခဲ့တာကြောင့် RFA က ဒေသခံကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

ဒီလေကြောင်းတိုက်ခိုက်မူကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာမရှိသလို ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ထားပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အခုလက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ဆဲန်ထန် ဒေသကာကွယ်ရေးတို့ စစ်ရေးတင်းမာနေပြီး ဟားခါး- မတူပီကားလမ်းမကြီးကို မေလ ၁၁ ရက်နေ့ကစပြီး အသုံးမပြုဖို့ CDF Senthang က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီက ဆဲန်ထန် CDF ဌာနချုပ်စခန်းနဲ့ ခွာပီးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ တပ်ခွဲမှူး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။