ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

RFA Burmese
2024.06.12
ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လက်မွန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် လက်မွန်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဇွန်လ ၁၁ ရက် နေ့လယ်မှာ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စာသင်ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသွားသူဟာ ကျင်ဒွေးမြို့က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် အသက် ၈၀ အရွယ် ဒေါ်ဘာဘာဖြစ်ပါတယ်။

အဲဒီစာသင်ကျောင်းမှာ စစ်ဘေးဒုက္ခသည် ၁၅ ဦး နေထိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်သူတစ်ဦးက ပြောပါတယ်။

“အဲဒီရွာက စာသင်ကျောင်းမှာနေတဲ့ စစ်ဘေးဒုက္ခသည် သက်ကြီးရွယ်အို အမျိုးသမီးကတော့ မရှောင်နိုင်၊ မပုန်းနိုင်တော့ ပစ်ခတ်တဲ့အထဲ ပါသွားတော့တာပေါ့ဗျာ။ ကျွန်တော်တို့တွေ့တာက အမျိုးသမီးနှစ်ယောက် ဦးခေါင်းထိတယ်။ မစိုးရိမ်ရပါဘူး။ နောက် ခြေထောက်ထိတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်”

ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ သူကပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စာသင်ကျောင်းနဲ့ နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။