အမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2024.06.21
အမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားသည့် အမ်းမြို့နယ် သဲကမ်းထောင်းရွာရှိ နေအိမ်အဆောက်အအုံကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Atalanta Princess Media

ရခိုင်ပြည်နယ် အမ်းမြို့နယ် သဲကမ်းထောင်းရွာကို ဇွန် ၂၀ ရက်မှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေးနှစ်အရွယ် ကလေးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အသက်လေးနှစ်အရွယ် မောင်နေမိုးထက်၊ ၁၇ နှစ်အရွယ် မမေဇင်အေး၊ ၂၅ နှစ်အရွယ် ကိုသန်းဝင်းနိုင်တို့ မောင်နှမသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ ဦးမောင်ဘုနဲ့ ဒေါ်မယဥ်အေးတို့နှစ်ဦးကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ ၁၁ နာရီလောက်မှာ ရွာထဲကိုဗုံးလာကြဲတာ။ ရွာထဲကို ဗုံးနှစ်လုံးချတယ်။ နေအိမ်မှာနေတဲ့ မောင်နှမသုံးယောက်သေတယ်။ နောက်ထပ်နှစ်ယောက်လည်း ဒဏ်ရာရတယ်။ ပြီးရင် ကဇုကိုင်းရွာနဲ့ ဆင်ဦးတိုက်ရွာကိုလည်း ဂျက်လေယာဥ်နဲ့ ဗုံးနှစ်ကြိမ်ကြဲခဲ့တယ်။ အဲဒီမှာလည်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွားတာရှိတယ်”

တိုက်ပွဲဖြစ်တာမရှိဘဲ ဘာကြောင့် အခုလိုတိုက်ခိုက်မှုလုပ်လဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ခုနစ်လအတွင်း အရပ်သား သုံးရာကျော်သေဆုံးပြီး ဒဏ်ရာရသူ တစ်ထောင်ကျော်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။