ကယားနဲ့ ရှမ်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သားနှစ်ဆယ်သေဆုံး

RFA Burmese
2023.11.14
ကယားနဲ့ ရှမ်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သားနှစ်ဆယ်သေဆုံး လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ကတွေ့ရစဉ်။
KnHRG

တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုဝင်ဘာ ၁၁ ရက်နေ ၁၃ ရက်အထိ သုံးရက်အတွင်း အရပ်သား နှစ်ဆယ်ဦး သေဆုံးခဲ့ပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့(KnHRG) က နိုဝင်ဘာလ ၁၄ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲ အသက်ဆယ်နှစ်အောက် ယောက်ျားလေး တစ်ဦး၊ အမျိုးသမီး လေးဦးနဲ့ အမျိုးသား ၁၂ ဦးအပြင် အမျိုးသား/အမျိုးသမီး ခွဲခြားလို့ မရသေးတဲ့ အရပ်သား သုံးဦးလည်း ပါဝင်တယ်လို့ (KnHRG) က ပြောပါတယ်။

ဒီသေဆုံးမှု စာရင်းထဲမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုသား တစ်ဦးလည်း ပါတယ်လို့ ဆိုပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)ရဲ့ တည်ထောင်သူ ကိုဗညားကတော့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က အရပ်သားတွေကို ဘေးလွတ်ရာ ထွက်ခွာဖို့ ကန့်သတ်ခဲ့တာကြောင့် အခုလို သေဆုံးမှု များခဲ့တာလို့ RFA ကိုပြောပါတယ်။

“တိုက်ပွဲ စဖြစ်တဲ့အချိန်မှာပဲ စစ်ကောင်စီတပ်က အရပ်သားတွေကို ရပ်ကွက်တွေထဲမှာပဲ နေခိုင်းတယ်။ အပြင်မထွက်ရဘူးဆိုပြီး ကန့်သတ်ထားတယ်။ ပြီးတော့ လက်နက်ကြီးတွေက လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတယ်။ အခုသေဆုံးမှု အများဆုံးကလည်း နေအိမ်တွေထဲ လက်နက်ကြီးကျလို့ သေဆုံးတာ များတယ်”

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ဘေးလွတ်ရာသာ ထွက်ခွင့်ပေးရင် အခုလို ထိခိုက်သေဆုံးမှုတွေ များလာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၁၅ ဦးရှိခဲ့ပြီး၊ ဘုန်းတော်ကြီးတစ်ပါး အပါအဝင် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး လေးဦးလည်း ဖမ်းဆီးခံထားရတယ်လို့ (KnHRG) ဘက်က ပြောပါတယ်။

အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ဖမ်းဆီးခံရတယ် ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကတော့ မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ပျက်စီးမှု များနိုင်တာ သိပေမယ့် စစ်အာဏာရှင်စနစ်ကို ဖြိုချရမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ယာယီ ပြောင်းရွှေ့ကြဖို့ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်တွန်းထားပါတယ်။

ကရင်နီ ပူးပေါင်းတပ်တွေဟာ နိုဝင်ဘာလ ၁၁ ရက်ကစလို့ တစ်လေးလုံး စစ်ဆင်ရေးအဖြစ် ဒီးမော့ဆို၊ မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်ကောင်စီ တပ်စခန်း ခုနစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက် ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နိုဝင်ဘာလ ၁၃ ရက်မနက်ပိုင်းမှာ ကရင်နီ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ လွိုင်ကော် တက္ကသိုလ်အနီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြည်တွင်း မီဒီယာတွေကို ပြောထားပါတယ်။

ဒါပေမဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေကိုတော့ ပြောကြားတာ မရှိပါဘူး။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည်မှာ အရပ်သား ၃၈၆ ဦး သတ်ဖြတ်ခံရပြီး စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၄၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

(မှတ်ချက်။ မူလသတင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေ ဟု အမည်မှားယွင်းဖော်ပြခဲ့သည်ကို
ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေ ဟု ပြင်ဆင်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။