မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦး ဒဏ်ရာရ
2024.04.03

ချင်းပြည်နယ် မင်းတပ်မြို့နယ် အောက်ချိုင်ရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံငါးဦး ဒဏ်ရာရပြီး၊ စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ လာရောက်ပြီး ပေါင် ငါးရာဗုံးအပါအဝင် ဗုံး ဆယ်လုံး ကြဲချခဲ့လို့ လူနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လေယာဉ်သုံးစင်းနဲ့လာတာ၊ ဗုံးက မီးလောင်ဗုံးလည်းပါတယ်၊ ပေါင် ငါးရာလည်း ပါတယ်။ ၁ ရက်နေ့ကရော လာတာဆိုတော့ နှစ်ရက်ဆက်တိုက် ရှိနေပြီ။ ဒေသခံ ငါးဦး ဒဏ်ရာရရှိထားတယ်။ တစ်ဦးကတော့ ခြေတစ်ဖက် ဖြတ်ထားရတယ်”
ဒီတိုက်ခိုက်မှုမှာ စာသင်ကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ဆယ်လုံးလည်း ပျက်စီးခဲ့ပြီး အောက်ချိုင်ရွာအနီးက တောတောင်တွေထဲ ဗုံးဆန်တွေကျလို့ တောမီးလောင်နေတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။
ဧပြီလ ၁ ရက်နေ့ကတော့ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) ကရွာတွေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လတစ်လအတွင်း အရပ်သားနှစ်ဦး သေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သား ၆၆ ဦးအထိ ရှိနေပါတယ်။