ရခိုင်နဲ့ ရှမ်းမြောက်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၅၀ နီးပါးရှိလာ
2023.12.04
၁၀၂၇ စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် သေဆုံး ရတဲ့ အရပ်သား ၁၅၀ နီးပါးအထိ ရှိလာပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာလ ၃ ရက်မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေ ရှိရာနေရာကို နေ့ ညမရွေး ပစ်ခတ်နေပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ သေဆုံးသူ ငါးဆယ်ကျော်၊ တအာင်းဒေသမှာ ခြောက်ဆယ်ကျော်နဲ့ ရခိုင်ပြည်နယ်မှာ သုံးဆယ်ကျော် ရှိလာတာလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကတော့ ကိုးကန့်ဒေသမှာ ၁၆ ဦးကျော်၊ တအာင်းဒေသမှာ တစ်ရာကျော်နဲ့ ရခိုင်ပြည်နယ်မှာ တစ်ရာကျော်ရှိတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA )နဲ့ ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးခံရသူ ၈၁ ဦးထဲက ၂၂ ဦးကိုပဲ စစ်ကောင်စီက ပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေ ဆက်လက် ဖမ်းဆီးခံထား ရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၇ ရက်ကစခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန်မှာပဲ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း နှစ်ရာကျော်ကို သိမ်းပိုက်ထား နိုင်တယ်လို့ MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး လက်နက်ကြီး၊ လေကြောင်းနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ပေမယ့် အခုလို အရပ်သားတွေ ထိခိုက် သေဆုံးတဲ့အပေါ်ကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
စစ်ကောင်စီရဲ့ ပြည်နယ်ပြောခွင့်ရသူတွေဖြစ်တဲ့ ရခိုင်ပြည်နယ်က ဥပဒေချုပ် ဦးလှသိန်းနဲ့ ရှမ်းပြည်နယ်က စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း အရပ်သား သေဆုံးသူ ၄၂၁၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။