နမ့်ခမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ငါးဦး သေဆုံး

RFA Burmese
2023.12.08
နမ့်ခမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ငါးဦး သေဆုံး နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်တချို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ဟိုနားရွာမှာ ဒီဇင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့တယ်လို့ ရှမ်းမြောက်ဒေသအခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူ လွေး က ပြောပါတယ်။

သေဆုံးသူတွေကတော့ အသက် ၄၆ နှစ်အရွယ် တာအဆွေ၊ အသက် ၅၆ နှစ်အရွယ် ယာအဘ၊ အသက် ၅၀ အရွယ် ယာခမ်းလီ၊ အသက် ငါးနှစ်အရွယ် လွေးအိုဒဲ့ နဲ့ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာ ယိုင်လေး တို့ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၆ ရက် ည ၁၁ နာရီခွဲအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲခံရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ နှစ်ဦးက ဇနီးမောင်နှံ၊ ကျန်နှစ်ဦးက သားအမိဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူ လွေး က RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

“ဖြစ်တာက ဟိုနားရွာမှာပေါ့နော်။ ကျောင်းဆရာ ယိုင်လေး က နမ့်ခမ်းမြို့နယ် မန်ပူးရွာမှာနေတာ။ နမ့်ခမ်းမှာ အခြေအနေမကောင်းလို့ ဟိုနားရွာမှာ စစ်ဘေးရှောင်နေတာ၊ တာအဆွေနဲ့ ယာအဘ လင်မယားကကျတော့ မန်တုံမြို့နယ် ပင်လုံရွာကပေါ့။ ယာခမ်းလီနဲ့ လွေးအိုဒဲ့ တို့ကတော့ သားအမိတွေ၊ အားလုံးက ဟိုနားရွာက လက်ဖက်ပွဲရုံမှာ လာစုပြီး စစ်ဘေးရှောင်နေကြတာ။ အဲနေ့ညမှာပဲ လေယာဉ်ဗုံးကြဲလို့ သေသွားတာပေါ့နော်”

အသက် ခြောက်နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် နောက်ထပ် ဒဏ်ရာရသူ လေးဦးရှိပြီး နမ့်ခမ်းဆေးရုံကို ပို့ထားတယ်လို့ သူက ပြောပါတယ်။

အဲဒီည သန်းခေါင်အချိန်မှာပဲ စစ်ကောင်စီတပ်က ဟိုနားရွာအနီးက ပန်လော်ရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက် ခိုက်ခဲ့တာဖြစ်ကြောင်း၊ အရပ်သား ငါးဦးသေဆုံးတာ မှန်ကန်ကြောင်း RFA ကို ဒီနေ့မွန်းလွဲပိုင်းက အတည်ပြု ပြောဆိုပါတယ်။

“တိုက်ပွဲဖြစ်တာက နမ့်ခမ်းမြို့အထွက် စခန်းသစ်ကုန်းနားမှာ ဖြစ်နေတာပေါ့နော်။ သူတို့ ဗုံးလာကြဲတဲ့ ရွာနဲ့ဆို အတော်ဝေးတယ်။ အဲဒီရွာတွေမှာ တိုက်ပွဲဖြစ်တာ မရှိဘူး။ ဗုံးကြဲလို့ သေဆုံးတာ ငါးဦးရှိတယ်။ ဒဏ်ရာရတာ လေးဦး ရှိတယ်။ သုံးတာက ပေါင် ၅၀၀ ဗုံးဆိုတာတော့ သူရဲ့ ပြင်းအားအပေါ်မူတည်ပြီး ပြောလို့ရပါတယ်”

စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး အသုံးပြုတိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

TNLA တာဝန်ရှိသူတွေကတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ အတွင်း သူတို့တပ်ဖွဲ့တွေ က နမ့်ခမ်းမြို့ပေါ်ကို ထိန်းချုပ်ထားနိုင်ပြီး မြို့နဲ့ တစ်မိုင် ကျော်ဝေးတဲ့ စစ်ကောင်စီတပ် စခန်းသစ်ကုန်းအနီးမှာ စခန်းကိုရဖို့ နေ့စဉ်တိုက်ပွဲဖြစ်နေ တယ်လို့ ပြောပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့ပြုစုထားတဲ့ စာရင်းအရ ဒီစစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၇ ရက်နေ့အထိ ရှမ်းမြောက်ဒေသမှာ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၀ ဦး အပါဝင် အရပ်သား ၁၀၃ ဦး သေဆုံးပြီး ၁၇၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။