လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ သရက်ကုန်းနဲ့ ဇာလီရွာ ဘုန်ကြီးကျောင်း ထိခိုက်
2024.04.22

တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် သရက်ကုန်းရွာနဲ့ ဇာလီကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၂၁ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သရက်ကုန်းရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ဇာလီကျေးရွာ ဘုန်းတော်ကျောင်းကို နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဧပြီလ ၂၁ ရက် မနေ့ညပိုင်းအထိ အဲဒီကျေးရွာတွေအနီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သရက်ကုန်းရွာကနေ ထွက်ပြေးခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။
“ညပိုင်းအထိကို ပစ်ခတ်နေတုန်းပဲ။ ရွာထဲမှာ အခြေအနေ ဘယ်လိုရှိပြီလဲတော့ မသိဘူး။ တိုက်ပွဲဖြစ်ကတည်းက အိမ်တွေ ဆိုင်တွေအားလုံး ဒီအတိုင်းထားပြီး ပြေးခဲ့ရတာ။ ဒီအတိုင်းဆို ပြန်ဖို့တော့ မလွယ်တော့ဘူး”
တိုက်ပွဲအတွင်း ဒေသခံအချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမယ့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တာကြောင့် အခြေအနေ အသေးစိတ်ကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ရော တော်လှန်ရေးတပ်ဖွဲ့တွေဘက်ပါ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁၅ ရက်နေ့မှာ (MDY-PDF) တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
ဧပြီလ ၂၂ ရက်ဒီနေ့အထိ သရက်ကုန်းနဲ့ ဇာလီကျေးရွာတွေမှာ တော်လှန်တပ်ဖွဲ့တွေ တပ်စွဲထားပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းရော လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် အဲဒီကျေးရွာနှစ်ခုက ဒေသခံ တစ်ထောင်ကျော်ဟာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်အပြင် အနီးအနား ကျေးရွာတွေကိုပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။