တစ်ရက်အတွင်း ကိုဗစ်နဲ့သေဆုံးသူ လေးရာနီးပါးရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ လက်တွေ့မှာ အဆမတန်ပိုများ

2021.07.27
တစ်ရက်အတွင်း ကိုဗစ်နဲ့သေဆုံးသူ လေးရာနီးပါးရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ လက်တွေ့မှာ အဆမတန်ပိုများ ၂၀၂၁ ဇူလိုင် ၁၅ ရက်နေ့က ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်မည့် ရုပ်အလောင်းကို တွေ့ရစဥ်
Photo: RFA

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၉၆ ယောက်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်ညက ထုတ်ပြန်ထား ပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်နေ့အထိ ကိုဗစ်ကြောင့်သေဆုံးသူ ခုနှစ်ထောင့်ငါးရာကျော်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ရန်ကုန်မြို့က ပိုးတွေ့သူ ၇၃၉ ယောက်၊ သေဆုံးသူ ၇၃ ယောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့မှာရှိတဲ့ သုသာန်လေးခုထဲက ရေဝေးသုသာန် တစ်ခုတည်းမှာတင် ဇူလိုင် ၂၆ ရက်နေ့ က သေဆုံးသူတစ်ရာလောက် ရှိနိုင်တယ်လို့ မြေပြင်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလုပ်နေသူ တစ်ယောက်က RFA ကို ပြောပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ နေ့စဉ် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထက် အဆပေါင်းများစွာ ပိုများနေနိုင်တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိကိုလည်း အရင်အစိုးရလက်ထက်က Quaratine Center နဲ့ ဆေးရုံတွေမှာ စစ်ဆေး နိုင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ တစ်နိုင်တစ်ပိုင် Test Kits တွေကိုဝယ်ယူပြီး အိမ်တွေမှာ ပြည်သူတွေက စစ်ဆေးနေကြရပါတယ်။

ဒီစစ်ဆေးမှုက ထွက်လာတဲ့ရလဒ်တွေနဲ့ နေအိမ်မှာတင် သေဆုံးခဲ့ရသူတွေရဲ့ စာရင်းကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့စာရင်းမှာ တရားဝင် ထည့်သွင်းဖော်ပြတာမျိုး မရှိပါဘူး။

အစိုးရ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ တပ်မတော်ဆေးရုံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတွေအနေနဲ့ အလွယ်တကူ တက်ရောက်ကုသခွင့်မရသလို ဆေးဝါးနဲ့ပစ္စည်းတွေဟာလည်း အဆမတန် ဈေးမြင့်တက် နေခဲ့တယ်လို့ ရန်ကုန်မြို့နေ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက အောက်ဆီဂျင်လုံလောက်မှုရှိတယ်လို့ ကြေညာထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ရှူဖို့ ခက်ခဲလာတဲ့သူတွေဟာ အောက်ဆီဂျင်ရဖို့အတွက် အောက်ဆီဂျင်အိုးတွေကို ကျပ်သိန်း ဆယ်ဂဏန်းအထိပေးပြီး ဝယ်ယူနေကြရသလို အောက်ဆီဂျင်ဖြည့်သွင်းဖို့ကိုလည်း နေ့တိုင်းလိုလို ခက်ခက်ခဲခဲ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။

တချို့ကလည်း အောက်ဆီဂျင်ထုတ်ပေးနိုင်တဲ့စက်တွေဖြစ်တဲ့ လျှပ်စစ်နဲ့အသုံးပြုရတဲ့ Oxygen concentrator တွေကို ဝယ်ယူအသုံးပြုနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။