ခင်ဦးမှာ တစ်လ‌ကျော်အတွင်း နေအိမ်ခြောက်ရာနီးပါး မီးရှို့ခံရ

RFA Burmese
2023.06.14
ခင်ဦးမှာ တစ်လ‌ကျော်အတွင်း နေအိမ်ခြောက်ရာနီးပါး မီးရှို့ခံရ မီးရှို့ဖျက်ဆီးခံရသည့် ခင်ဦးမြို့နယ်ထဲမှာ ကန်သစ်ရွာကို ၂၀၂၃ ခုနှစ် ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ မေလ ၇ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ တစ်လကျော်အတွင်း ရွာပေါင်း ၁၁ ရွာက နေအိမ်ပေါင်းခြောက်ရာနီးပါး (၅၉၆ လုံး) ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ခင်ဦးမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်ဖြစ်လို့ အခုလိုမကြာခဏ စစ်ကြောင်းထိုးခံနေရတာလို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့မြို့နယ်က စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တစ်ခုပါ။ သူတို့ စစ်ကြောင်းထိုးတိုင်း စစ်ကြောင်းမှူးအပါအဝင် အရာရှိပိုင်းတွေကျတာများတယ်။ ကျွန်တော်တို့နယ်မှာဆို မိုင်းမိသေတာ၊ စနိုက်ပါကြောင့်သေတာ ခဏခဏဖြစ်တယ်။ ဒီလိုအားကောင်းတဲ့မြို့နယ်ဖြစ်လို့ မကြာခဏ စစ်ကြောင်းထိုးပြီး အကြမ်းဖက်မှုတွေ လုပ်နေတယ်လို့ မြင်တယ်"

စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၄ ရက်ဒီနေ့မှာလည်း ကန်သစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ပါတယ်။ အဲဒီရွာဟာ ဇွန်လ ၄ ရက်နေ့က နေအိမ် ၆၅ လုံး၊ မေလ ၁၉ ရက်နေ့က နေအိမ် ၂၆၀ ခန့်နဲ့ စုစုပေါင်း ၃၄၅ လုံး မီးရှို့ခံခဲ့ရတာပါ။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဇွန်လကစလို့ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၄ ရက်နေ့အထိ ငါးကြိမ်တိုင် မီးရှို့ခံခဲ့ရတာကြောင့် အိမ်ခြေ ခြောက်ရာရှိတဲ့အနက် ၃၃ ရာခိုင်နှုန်းခန့်သာ ကျန်ရှိပါတော့တယ်။

တစ်လကျော် မီးရှို့ခံရတဲ့အထဲမှာ ကဘွတ်ရွာက နေအိမ် ၁၅၀ နဲ့ဒုတိယအများဆုံးဖြစ်ပြီး ကုတ္တက်ရွာကနေအိမ် ၃၀၊ ရုံးပင်ရွာကနေအိမ် ၂၄ လုံး၊ သင်ပေါင်းရွာကနေအိမ် ၁၂ လုံး၊ သရက်ကုန်းရွာက နေအိမ် ၁၂ လုံး၊ မိုးနတ်ရွာက ခုနှစ်အိမ်၊ ရွာသစ်ရွာက ခုနှစ်အိမ်၊ ရေအေးကုန်းက လေးအိမ်၊ အောင်ချမ်းသာရွာကသုံးအိမ်၊ တောင်ဘို့ရေရွာက နှစ်အိမ်ပါဝင်ပါတယ်။

ဇွန်လ ၁ ရက်နေ့ကလည်း ရွာသစ်ရွာခံ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၇၀၁) နဲ့ ခြေမြန်တပ်ရင်း ခမရ (၃၆၁) တို့ လှုပ်ရှားနေတာတွေ့ရပြီး ပျူစောထီးအပါအဝင် အင်အားသုံးရာခန့်ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်အတွင်းက ရွာသစ်ကုန်းရွာ၊ မကျီးကုန်းရွာ၊ မဒေါင်းလှရွာ၊ ပျဉ်ထောင်ရွာတို့မှာ ပျူစောထီးတွေကို စစ်ပညာသင်ပေးနေသလို လက်နက် တပ်ဆင်ပေးတာပါ ရှိနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။