ကန့်သတ်မှုတချို့ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းဆက်လက်ထုတ်ပြန်မည်
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ထဲက တစ်ဦးကို စစ်ကောင်စီ ဘက်က မီဒီယာတွေကိုမဖြေဖို့ ဖိအားပေးကန့်သတ်တာတွေလုပ်ခဲ့ပေမယ့် အမှုတွေနဲ့ ပတ်သက်လို့ ပုံမှန် အတိုင်း သတင်းထုတ်ပြန်တာတွေ ဆက်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က RFA ကို ဒီနေ့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေမှာ လိုက်ပါဆောင်ရွက်ကြတဲ့ ရှေ့နေအဖွဲ့မှာ နေပြည်တော်မှာ နေထိုင်တဲ့ ဦးခင်မောင်ဇော်၊ ဒေါ်မင်းမင်းစိုး၊ ဦးသဲမောင်မောင်နဲ့ ရန်ကုန်မှာနေထိုင်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဒေါ်စန်း မာလာညွန့် တို့ စုစုပေါင်း ငါးဦးပါဝင်ပါတယ်။
အဲဒီအဖွဲ့ထဲက ရှေ့နေဒေါ်စန်းမာလာညွန့်ကို သူနေထိုင်ရာ ရန်ကုန်မြို့က သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးကိုခေါပြီး ပြည်တွင်း၊ ပြည်ပမီဒီယာတွေကို ဆက်သွယ်အင်တာဗျူးဖြေကြားတာတွေ မလုပ်ဖို့နဲ့ ပြည်ပ အဖွဲ့အစည်းတွေနဲ့ မဆက်သွယ်ဖို့ ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။
ကျန်တဲ့ရှေ့နေ လေးယောက်ကိုတော့ ပြည်တွင်း၊ ပြည်ပမီဒီယာတွေကို ဖြေကြားပေးတာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဖိအားပေးတာမျိုး မရှိဘူးလို့ ရှေ့နေဦးမောင်ဇော်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် သတင်းထုတ်ပြန်ခွင့်နဲ့ ပတ်သက်လို့လည်း ကျနော်တို့တော့ ထုတ်ပြန်နေ တာပါပဲ။ ကျနော်က မေးရင်လည်းဖြေတယ်။ ကိုယ်တိုင်လည်းပဲ အင်တာနက်မှာ တင်တယ်ပေါ့ဗျာ။ ရုံးချိန်းနေ့စစ်ဖြစ်တယ်။ မစစ်ဖြစ်ဘူး အစရှိသဖြင့်ပေါ့။ အခုပြောင်းချိန်းလိုက်တယ် အစရှိသဖြင့် ဒါတွေကတော့ အမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်ထုတ်ပြန်နေတာပါပဲ။ တခြားထူးထူးခြားခြား လုပ်စရာတော့ မလိုပါဘူး”
အရင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအခြေအနေတွေနဲ့ ပတ်သက်လို့ အပတ်စဉ် ရုံးချိန်းနေ့တွေအပြီးမှာ နေပြည်တော်က ရှေ့နေဦးခင်မောင်ဇော်ရဲ့ နေအိမ်မှာ ပြည်တွင်း၊ ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်း သတင်းထုတ်ပြန်တာတွေ ပုံမှန်ပြုလုပ်ခဲ့တာပါ။
အဲဒီလို သတင်းထုတ်ပြန်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တိုက်ရိုက်ဖိအားပေးတာတွေ မရှိပေမယ့် လာရောက်သတင်းရယူတဲ့ သတင်းသမားတွေကို စရဖလို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ရပ်ကွက် ထဲကနေ လာရောက်စောင့်ကြည့်တာ၊ ထောက်လှမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်အခြေစိုက် သတင်းသမားတချို့က ပြောပါတယ်။
နေပြည်တော်မှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေများလာပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ်တဲ့ အထူးတရားရုံးရှိတဲ့ ဇမ္ဗူသီရိမြို့နယ်နဲ့ ရှေ့နေ ဦးခင်မောင်ဇော် နေအိမ်တည်ရှိရာ ပျဉ်းမနားမြို့နယ်တွေကို နေအိမ်မှာနေထိုင်ရေး (Stay at Home) အဖြစ် ထုတ်ပြန်လိုက်ပြီး တစ်မြို့နယ်နဲ့ တစ်မြို့နယ် သွားလာခွင့်တွေ ကန့်သတ်ခဲ့ပါတယ်။
ဒါကြောင့် ဦးခင်မောင်ဇော်ရဲ့ နေအိမ်မှာလည်း အရင်ကလို ရုံးချိန်းရက်ပြီးတိုင်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံ သတင်းထုတ်ပြန်တဲ့ အစီအစဉ်တွေကို မပြုလုပ်နိုင်တော့ဘူးလို့ သတင်းသမားတွေက ပြောပါတယ်။
ဒီကြားထဲမှာ စစ်ကောင်စီက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက် နဲ့ ရုံးပိတ်ရက်ရှည်တွေကို ကြေညာခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို မစစ်ဆေးဖြစ်တာ အချိန် တစ်လကြာသွားပြီဖြစ်သလို သူ့ရဲ့ရှေ့နေတွေနဲ့လည်း လူချင်းမတွေ့ရဘဲ အဆက်အသွယ် ပြတ်နေတာ အချိန်တစ်လရှိသွားပြီလို့ သိရပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသားလမ်းက ခြံအမှတ် ၃၃ (A) မှာရှိတဲ့ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို အခု သြဂုတ်လဆန်းပိုင်းက စစ်ကောင်စီက နေရာရွှေ့ပြောင်းလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဘယ်နေရာကို ရွှေ့ပြောင်းလိုက်တယ် ဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ် တိုင်ရုံးထုတ်ပြီး နောက်တစ်ပတ်အကြာမှာ သူအပါအဝင် သူနဲ့ တစ်အိမ်တည်းနေထိုင်သူ အားလုံးကို မူလ နေထိုင်ခဲ့တဲ ခြံအမှတ် ၃၃ (A) ကနေ စစ်ကောင်စီက နေရာရွှေ့ပြောင်းခဲ့ပါတယ်။
အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာမှာ သူနဲ့အတူနေထိုင်သူ လူရှစ်ယောက်အပြင် သူ့ရဲ့အချစ်တော် ခွေးကလေး တိုက်ချီတိုလည်း ရှိတာကြောင့် လက်ရှိ စုစုပေါင်း လူ ကိုးယောက်နဲ့ ခွေးကလေး တစ်ကောင်တို့ ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင် ခဲ့တဲ့ ခြံအမှတ် ၃၃ (A) ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သူပါအဝင် သူနဲ့ နေအိမ်အတူရှိနေတဲ့သူတွေ အားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
အဲဒီလိုဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေး အရာရှိဆောင် တို့မှာ စကားပြောစက်တွေနဲ့ Jumber တစ်စုံတို့ကို တွေ့တာကြောင့် ပို့ကုန်သွင်းကုန် ပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇) တို့နဲ့ စပြီး အမှုဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုရုံးချိန်းရက်မှာ တရားလိုပြသက်သေတွေဖြစ်တဲ့ နေပြည် တော် တိုင်းစစ်ဌာနချုပ်က တပ်မှူး၊ တပ်စုမှူး၊ တပ်စိပ်မှူးတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဝင်ရောက်ရှာဖွေတုန်းက ဝရမ်းမပါကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထိန်းသိမ်းခဲ့ တာကြောင့် အခုဆိုရင် သူထိန်းသိမ်းခံထားရတာ ရက်ပေါင်း ၁၉၃ ရက်ရှိသွားပါပြီ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်းအမှု ကိုးခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။
ဒါကြောင့် အဲဒီအမှုတွေ အားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံး ပြစ်ဒဏ်တွေပေးခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ကျော် ကျခံရမှာဖြစ်ပါတယ်။