မြန်မာအဆိုတော် အေမီဈာန်နဲ့ မော်ဒယ် ဖူးပွင့်ခိုင် မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရ
2024.01.14

Updated 6:02 PM Jan 14, 2024
မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့မှာ ဇန်နဝါရီလ ၁၃ ရက်က မြန်မာအဆိုတော် အေမီဈာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင် အပါအဝင် မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံလိုက်ရပါတယ်။
ဘာတာဝပ်မြို့ ROYCE Luxury Night Club မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ညက ဂီတဖျော်ဖြေပွဲ လုပ်နေချိန်မှာ မလေးရှား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ အဲဒီ ဂီတဖျော်ဖြေပွဲမှာ ပါဝင်ခဲ့သူတွေက RFA ကို ပြောပါတယ်။
အဆိုတော် အေမီဈာန်နဲ့ မော်ဒယ် ဖူးပွင့်ခိုင်တို့ဟာ အလည်အပတ်ဗီဇာနဲ့ လာတာဖြစ်ပြီး ပွဲဖျော်ဖြေဖို့ ခွင့်ပြုချက်မရှိတာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲက မြန်မာနိုင်ငံသား ၁၄၀ ကျော်ကိုတော့ ပွဲစီစဉ်သူတွေက ကူညီကယ်ထုတ်ပေးခဲ့ပြီး အဆိုတော် အေမီဈာန်၊ မော်ဒယ် ဖူးပွင့်ခိုင်နဲ့ မြန်မာနိုင်ငံသား လေးဆယ်နီးပါးကတော့ ဂျာဝိရဲစခန်းအချုပ်ထဲမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေအထိ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
ROYCE Luxury Night Club က ဂီတဖျော်ဖြေပွဲ စီစဉ်ရာမှာ ပါဝင်ခဲ့တဲ့ ကိုရွှေသိန်းကတော့ အဆိုတော် အေမီဈာန်နဲ့ မော်ဒယ် ဖူးဖွင့်ခိုင် အပါအဝင် ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ဖို့ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
“သူတို့ကို ကျွန်တော်တို့ ကူညီဆောင်ရွက်မှုတွေ ပေးနေပါတယ်။ တစ်ရက်၊ နှစ်ရက်အတွင်း ပြန်လွတ်အောင် လုပ်နိုင်မှာပါ။ ပွဲနဲ့ပတ်သက်သူတွေတော့ အခုထိ ထုတ်လို့မရသေးဘူး။ အေမီဈာန်နဲ့ ဖူးပွင့်ခိုင်တို့က အလည်အပတ်ဗီဇာနဲ့လာတာ။ ပွဲလုပ်မယ့်ဗီဇာ မဟုတ်ဘူး။ ပွဲအတွက်က စာရွက်စာတမ်းတွေ လုပ်တယ်။ အဲဒါကြောင့် ဖမ်းထားတာ”
အဲဒီ ဂီတဖျော်ဖြေပွဲမှာ မူးယစ်ဆေးဝါး သုံးစွဲတာ ရှိ၊ မရှိ ဖမ်းဆီးခံရသူတွေကို မလေးရှားရဲတပ်ဖွဲ့က ဆေးစစ်တာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။
ဖမ်းဆီးသူတွေဟာ မလေးရှား လူဝင်မှုကြီးကြပ်ရေးက မဟုတ်ဘဲ ရဲတပ်ဖွဲ့က ဖြစ်တာကြောင့် ရက်ပိုင်းအတွင်း ပြန်လွတ်လာနိုင်တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
(အမှားပြင်ဆင်ချက် - ပုံစာတွင် "မြန်မာအဆိုတော်အေမီဈာန်နှင့် မော်ဒယ်ဖူးပွင့်ခိုင်" အစား "မော်ဒယ်ဖူးပွင့်ခိုင်နှင့် ပရိသတ်တစ်ဦး" ဟု ပြင်ဆင်ထားပါသည်။)