ခုခံတော်လှန်သူတွေကို စစ်တပ်က ဖြတ်လေးဖြတ်သုံး ချေမှုန်းကြောင်း AI ပြော

2021.12.17
ခုခံတော်လှန်သူတွေကို စစ်တပ်က ဖြတ်လေးဖြတ်သုံး ချေမှုန်းကြောင်း AI ပြော စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

မြန်မာစစ်တပ်ဟာ မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေနဲ့ ဆေးဝါးတွေကို အရပ်သားပြည်သူတွေဆီ အရောက် ပေးပို့လို့မရအောင် ပိတ်ဆို့ဟန့်တားနေတယ်လို့ ဗြိတိန်အခြေစိုက် AI- Amnesty International အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။

စစ်တပ်ကို ခုခံနေတဲ့ တော်လှန်ရေးသမားတွေကို ရက်ရက်စက်စက်ချေမှုန်းရာမှာ လေကြောင်းက တိုက်ခိုက် ရုံသာမက လူနေအိမ် ရာပေါင်းများစွာကို မီးတင်ရှို့တဲ့အပြင် မရှိမဖြစ် အရေးပါတဲ့ ရိက္ခာနဲ့ထောက်ပံ့ရေးပစ္စည်း တွေ အကူအညီ ပေးပို့လို့မရအောင် ပိတ်ဆို့တယ်လို့ ပြောပါတယ်။ နိုင်ငံတဝန်းက လူသားချင်းစာနာမှု အကူ အညီပေးသူတွေကိုလည်း ဖမ်းဆီးတယ်လို့ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ အစားအသောက်နဲ့ ဆေးဝါး စတဲ့ ပြည်သူတွေအသက်ရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း တွေကို ပေးပို့လို့မရအောင် တားဆီးနေတယ်လို့ AI အရှေ့တောင်အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Emerlynne Gil က ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့အသက်ကို ကယ်ဆယ်လိုတဲ့ ကျန်းမာရေး ဝန်ထမ်း တွေကိုလည်း ခြိမ်းခြောက်ရန်ပြုနေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ နယ်စပ်တွေမှာ ဖြတ်လေးဖြစ် မဟာဗျူဟာကျင့်သုံးနေတာ နှစ် ၆၀ ကျော်ကြာနေပြီဖြစ် ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စခန်းကို ချေမှုန်းဖို့ မရှိမဖြစ်အရေးကြီးတာတွေမှန်သမျှ ဖြတ်တောက်တဲ့နည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတာကို ရတဲ့နည်းနဲ့တော်လှန်ခုခံတာကို အကြမ်းဖက်နှိမ်နင်းလို့ ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိတဲ့နေရာတွေမှာ စစ်တပ်က အဲဒီ ဖြတ်လေးဖြတ် ကျင့်သုံးတယ်လို့ AI က ဖော်ပြပါတယ်။ ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းနဲ့ မရနိုင်အောင်နဲ့ တပ်သားသစ်မဖွဲ့ နိုင်အောင် ဖြတ်လေးဖြတ်ကျင့်သုံးတာပါ။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း ယင်းမာပင် အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက ၂၄ မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတယ်လို့လည်း AI က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။