အမ်းမှာ လူ ၁ဝဝ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်
2017.04.22

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုက ကျေးရွာတချို့မှာ အသက် ၅ နှစ်အောက် ကလေးတွေ အပါအဝင် စုစုပေါင်း ၁ဝ၆ ဦး ဝမ်းပျက်၊ ဝမ်းလျှောရာဂါ ဖြစ်ပွားနေတာကြောင့် သွားရောက်ကုသပေးနေ ရတယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
အဲဒီကျေးရွာတွေမှာ ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ ၁၈ ရက်နေ့မှာသိရပြီး သွားရောက်ကုသပေးနေတဲ့ ကျန်းမာရေး ဆရာမထံမှ ၂ဝ ရက်နေ့မှာ သိရတဲ့စာရင်းအရ ၅ နှစ်အောက် ကလေး ၇၆ ယောက်နဲ့ (၅) နှစ်အထက် အယောက် ၃ဝ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နေပြီး ပြင်းထန်တဲ့အခြေအနေ မရှိကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဒေါက်တာသောင်းလှိုင်က ပြောပါတယ်။
"သိတာက ၁၈ မှာသိပြီး ၁၉ ရက်နေ့မှာ လိုက်သွားတယ်၊ ၂ဝ ရက်နေ့မှာ ဆရာမပို့ထားတဲ့ဟာထဲမှာ ၅ နှစ်အောက် ကလေးဆိုလို့ရှိရင် ကျား ၄၁ ယောက်၊ မိန်းကလေး ၃၅ ယောက်၊ ၅ နှစ်အထက်က ၁၃ ယောက် ၁၇ ယောက်၊ စုစုပေါင်း ၁ဝ၆ ယောက်၊ အဲဒါက သာမန်ပေါ့၊ တချို့ တစ်ကြိမ်သွား၊ နှစ်ကြိမ်သွားပဲပါတယ် ၊ ပြင်းထန် တစ်ယောက်မှ မပါဘူး"
ရောဂါဖြစ်ပွားနေတယ်လို့ သတင်းရရချင်း ဒါးလက် REC ကနေ အမျိုးသမီး ကျန်းမာရေးဆရာမ ၁ ဦး၊ သားဖွား ဆရာမ ၁ ဦး၊ တိုက်နယ်ဆေးရုံက အမျိုးသားဝန်ထမ်း ၂ ဦးတို့ သွားရောက်ကုသ ပေးနေတယ်လို့ သိရပါတယ်။
အဲဒီဝမ်းပျက်၊ ဝမ်းလျှောရောဂါဟာ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုက ကွေဝ၊ ညောင်ချောင်း၊ နေပစေး၊ ဝင်ဝနဲ့ လုံးတုံ စတဲ့ကျေးရွာ ၅ ရွာမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
အဲဒီနေရာတွေကို ဒါးလက်တိုက်နယ်ဆေးရုံက တိုက်နယ်ဆရာဝန်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက အထူးရောဂါနှိမ်နှင်းရေးဆရာဝန်ကြီးနဲ့ အမ်းမြို့နယ် ဆေးရုံအုပ်ကြီးတို့ လိုက်သွားကြပြီး ဒီနေ့မှာ ဒါးလက်ကို ရောက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီကျေးရွာတွေဟာ ဒါးလက်ကနေ ရိုးမအပေါ်ကို တက်သွားရတာဖြစ်ပြီး မနက် ၇ နာရီလောက်ကသွားရင် ညနေ ၅ နာရီလောက်မှ ရောက်တာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့နေရာလည်း ဖြစ်ပါတယ်။
ကျေးရွာသားတွေဟာ ချောင်းရေကို အဓိကထားပြီး သောက်သုံးကြတာကြောင့် ချောင်းရေမှာ ရောဂါပိုး ရှိ မရှိကို စစ်ဆေးဖို့လည်း စီစဉ်ထားတယ်လို့ ဒေါက်တာသောင်းလှိုင်က ပြောပါတယ်။
ကောလာဟလ သတင်းတွေမှာတော့ သေဆုံးတာတွေရှိတယ်လို့ ပြောနေပေမယ့် အဲဒီကို သွားရောက် ကုသပေးနေသူတွေပို့တဲ့ စာရင်းတွေအရ လူအသေအပျောက်နဲ့ ပတ်သက်ပြီး မတွေ့ရသေးကြောင်း၊ ထပ်ပြီးအတည်ပြုဖို့ရှိကြောင်းလည်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။