အမ်းမြို့က လယ်သမားတွေရဲ့ဆွေးနွေးပွဲ တားမြစ်ခံရ
2018.07.21

ရခိုင်ပြည်နယ် အမ်းမြို့မှာ ဒီနေ့ပြုလုပ်တဲ့ ဒေသခံတောင်သူတွေရဲ့ မြေယာနဲ့သယံဇာတဆွေးနွေးပွဲကို ရဲက လာရောက် ဟန့်တားတဲ့အတွက် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရပါတယ်။
ဆွေးနွေးပွဲကျင်းပခွင့်ရဖို့ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် လက်မခံဘူးလို့ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ကိုထွန်းကြည်က ပြောပါတယ်။
"သူတို့က ဒီဥပဒေအကြောင်းအရ ငြိမ်းစုစီမှာ မပါတဲ့အတွက် ဒါကို ဟန့်တားရမယ်ဆိုပြီးတော့ ပြောတာမျိုးတော့ ရှိတယ်။ ကျနော်တို့ဘက်ကတော့ ဦးဆောင်တဲ့သူရယ်သွားပြီးတော့ ညှိခဲ့ကြတယ်။ ဆွေးနွေးပွဲဖြစ်တဲ့အတွက် ကြောင့် ဆွေးနွေးခွင့်ရရမယ်။ ကျနော်တို့က ဒါဟောပြောပွဲမဟုတ်ဘူး။ ဆွေးနွေးပွဲလုပ်နေတာဆိုပြီးတော့။ ကျနော်တို့ဘက်နေပြီးတော့ သူတို့ကို သွားညှိတာရှိတယ်ဗျ။ ဒါပေမဲ့ ဒါကို ရဲဘက်က လုံးဝ လက်မခံဘူးပေါ့နော်။ ဒီလူတွေ ဆွေးနွေးမယ်ဆိုလို့ရှိရင် သူတို့ ဥပဒေအရ အရေးယူရလိမ့်မယ်ဆိုပြီးတော့ ပြောတဲ့အတွက် ကျနော် တို့ကလည်း ပွဲကို ရပ်တန့်လိုက်ရတယ်ပေါ့နော်"
အမ်းမြို့ ရွှေအမ်းခန်းမမှာ ငြိမ်းစုစီဥပဒေခွင့်ပြုချက်နဲ့ မနက် ၉ နာရီက စတင်ကာ ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး နေ့လည် ၁၁ နာရီလောက်မှာ ဟောပြောတာတွေမလုပ်ဖို့ ရဲက လာရောက်ဟန့်တားခဲ့တာလို့ ပြောပါတယ်။
ရဲတပ်ဖွဲ့က ဆွေးနွေးပွဲအနေနဲ့ ခွင့်ပြုချက်ပေးထားတာဖြစ်ပြီး အဲဒီခွင့်ပြုချက်ထဲမှာ ဦးဆောင်ဆွေးနွေးမယ့်သူ သုံးဦးသာ ပါဝင်တာကြောင့် အခမ်းအနားကိုတက်ရောက်လာတဲ့ ကျောက်ဖြူမြို့က ကိုထွန်းကြည်နဲ့ အမ်းမြို့ခံ ကိုမျိုးလွင်တို့က ဝင်ရောက်ဆွေးနွေးရာမှာ ခွင့်ပြုချက်ထဲမှာ မပါဝင်သူတွေဖြစ်တယ်ဆိုပြီး ရဲက ဟန့်တားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို ဒေသခံတောင်သူ ၁ဝဝ ခန့်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး အမ်းမြို့နယ်အတွင်းမှာ နစ်နာမှုရှိနေတဲ့ ဒေသခံတွေရဲ့မြေယာပြဿနာတွေကို ဖြေရှင်းနိုင်ရေးနဲ့ သယံဇာတကိစ္စရပ်တွေကို အဓိကထားဆွေးနွေးဖို့ ရည်ရွယ်ထားတာလို့ ဆွေးနွေးပွဲဦးဆောင်သူတွေက ပြောပါတယ်။
ဟောပြောပွဲတစ်ခုမှာ ငြိမ်းစုစီဥပဒေအရ ခွင့်ပြုထားတဲ့သူတွေသာ ဟောပြောခွင့်ရှိပေမယ့် အခုလို သူ့အမြင်ကိုယ့် အမြင်ပြောဆိုကြရတဲ့ ဆွေးနွေးပွဲမှာ ဘယ်သူတွေက ဟောပြောခွင့်မရှိဘူးဆိုပြီး ဟန့်တားတာဟာ တရားဥပဒေ စိုးမိုးရေးအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ကို ထွန်းကြည်က ဆိုပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို ဟန့်တားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို RFA ကဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။