ဓါတ်ငွေ့ပိုက်ကြောင့် နစ်နာမှု ရခိုင်ဝန်ကြီးချုပ်ကို တင်ပြ


2016.07.19
cnpc-ann-protest-620.jpg တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ဧက ၃၅ဝ လောက် ပျက်စီးခဲ့တဲ့အတွက် အမ်းမြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Kyaw Htoon Naing/RFA

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်သဘာဝဓာတ်ငွေ ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေနဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေအတွက် လျော်ကြေးရရှိနိုင်အောင် ပြည်နယ်အစိုးရအဖွဲ့ တာဝန် ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို အမ်းဒေသခံတွေက ဒီနေ့ တောင်းဆိုလိုက်ပါ တယ်။

အမ်းမြို့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသခံတွေတွေ့ဆုံပွဲမှာ တောင်းဆိုလိုက်တာလို့ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွင်းဆင်းစစ်ေဆးရေးအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဦးဟန်မင်းလှိုင် က ပြောပါတယ်။

"အမ်းမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ စစ်ဆေးတဲ့အခါမှာ ကွင်းဆင်းတဲ့နေရာရောက်ပြီးမှ သူတို့က CNPC ကိုလည်း ကိုယ်စားမပြုပါဘူး၊ MOGE ကိုလည်း ကိုယ်စားမပြုပါဘူးဆိုပြီးတော့ အစီအစဉ်ပျက် သွားခဲ့ပါတယ်၊ ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းမယ့် အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းဖို့အတွက် ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုခဲ့ပါတယ်"

ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် က ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှာ ကျောက်ဖြူခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်စစ်ဆေးပေးဖို့နဲ့ စုံစမ်းတွေ့ရှိတဲ့ အခြေအနေအသေးစိတ်ကို နှစ်ပတ် အတွင်း ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကိုသွယ်တန်းထားတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဟာ အမ်းမြို့နယ်က ကျေးရွာအုပ်စု ၉ ခုကို ဖြတ်သန်းသွားရာမှာ ကျေးရွာအချို့ ပြောင်းရွှေ့ခံရတာတွေ၊ ဒေသခံတွေရဲ့ သုဿာန်တွေကိုဖြတ်သန်းသွားတာတွေအပြင် မြေယာဧကပေါင်း ထောင်နဲ့ချီပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

အဲ့ဒီပျက်စီးဆုံးရှုံးမှုတွေအတွက် သင့်တော်တဲ့ လျော်ကြေးတွေပေးနိုင်ဖို့အတွက် ပြည်နယ်အစိုးရလမ်းညွှန်ချက်နဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပေမယ့်ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန်ကျေး ရွာမှာ သွားရောက်စစ်ဆေးရာမှာ အဖွဲ့မှာပါဝင်ရမယ့် CNPC ကုမ္ပဏီ နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစု MOGE တာဝန်ရှိသူတွေက လိုက်ပါစစ်ဆေးဖို့ ငြင်းဆိုခဲ့တာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့မှာ အမ်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးသူက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပေမယ့် ကွင်းဆင်းစစ်ဆေးတဲ့ကိစ္စတွေမှာ ပါဝင်တာမရှိခဲ့တဲ့ အတွက် ဒေသခံတွေက ပြည်နယ်အစိုးရကိုယ်တိုင် ပါဝင်စုံစမ်းပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။