တရုတ်ကုမ္ပဏီနဲ့ MOGE ကို အမ်းဒေသခံတွေ ဆန္ဒပြ


2018.03.22
cnpc-protest-622.jpg CNPC ကုမ္ပဏီနဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့က အမ်းမြို့မှာ ဒေသခံတွေ ဆန္ဒပြစဉ်
Photo: Myo Lwin

ရခိုင်ပြည်နယ် အမ်းမြို့မှာ တရုတ်ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရတာတွေကို ဖြေရှင်း မပေးအတွက် CNPC ကုမ္ပဏီနဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဒေသခံ ၆၀၀ လောက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အမ်းမြို့နယ်က ဒေသခံတွေရဲ့နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းလေးက ပြောပါတယ်။

"အမ်းမြို့မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြောင့် ဒေသခံတောင်သူတွေ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ရှိနေတယ်၊ အဲဒီဟာတွေကို MOGE နဲ့ CNPC ကုမ္ပဏီတို့က တာဝန်ယူဖြေရှင်းမှုတွေ မရှိဘူးပေါ့နော်၊ အဲဒီ အတွက်ကြောင့်မို့ တာဝန်ယူဖြေရှင်းပေးရန် ကျနော်တို့က တောင်းဆိုရခြင်းဖြစ်ပါတယ်"

အဲဒီ ဆန္ဒပြပွဲမှာ ဒေသခံတွေအတွက် နစ်နာကြေးကို အပြည့်အဝဆောင်ရွက်ပေးဖို့နဲ့ CNPC နဲ့ MOGE ကုမ္ပဏီတို့ အလိုမရှိဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

အမ်းမြို့နယ်အတွင်းမှာ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးနစ်နာမှုတွေကို အရင်အစိုးရ လက်ထက်ကတည်းက လျော်ကြေးမရသေးသူတွေ၊ အပြည့်အဝမရသူတွေနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာနဲ့ ဥယျာဉ်ခြံ၊ နေအိမ်ခြံ၊ သုဿာန်မြေတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့နှစ်က ဒေသခံတွေကို ပြောခဲ့တာတွေရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရက အသေးစိတ်စာရင်းအချက်တွေနဲ့ ပတ်သက်ပြီး တင်ပြဖို့ သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားပေမယ့် MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဘက်က အချိန်ကြန့်ကြာမှုတွေ ရှိနေတဲ့အတွက် ဒေသခံတွေက ဒီနေ့ ဆန္ဒပြကြတာဖြစ်ပါတယ်။

တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ တာဖြစ်ပြီး အမ်းမြို့နယ်အတွင်းက အမ်းတောင်၊ အောက်ရွာ၊ လုံးကောက်၊ စခန်းမော်၊ တင်းတန်၊ တောင်ဖီလာ စတဲ့ ကျေးရွာအုပ်စု ၉ ခုနဲ့ ကျေးရွာပေါင်း ၄ဝ ကျော်ကို ဖြတ်သန်းဆက်သွယ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။