အမ်းမြို့မှာ ဆန်ပြတ်လပ်လာတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေ

RFA Burmese
2024.04.07
အမ်းမြို့မှာ ဆန်ပြတ်လပ်လာတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေ ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က ကုန်ပစ္စည်းနဲ့ဆေးဝါး သယ်ယူခွင့် ပိတ်ထားတာကြောင့် အဓိကစားသောက်ကုန် ဆန်ပြတ်လပ်နေပြီး စားရေးသောက်ရေး ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက အခုလို ပိတ်လိုက်တာကြောင့် လက်ရှိ ဆန်ကြမ်းတစ်ပြည်ကို လေးထောင်ကျော် ပေးဝယ်နေရပြီး စျေးဆိုင်တွေမှာလည်း လူတစ်ဦးကို ဆန်နှစ်ပြည်နှုန်းသာ ဝယ်လို့ရတော့တယ်လို့ ဆိုပါတယ်။

မြို့ထဲကိုဘာမှမဝင်အောင် ပိတ်ထားတာကြောင့် ဒေသခံတွေ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အမ်းမှာက ကုန်ပစ္စည်းအဝင်အထွက်ကို လုံးဝကိုပိတ်ထားတာ။ စစ်တပ်က မြို့ထဲကို ဘာမှကိုအဝင်မခံတော့ အချိန်ကြာတဲ့အခါ ဆန်တွေ၊ ဆီတွေ ပြတ်လပ်လာတာ။ ပိုက်ဆံရှိရင်တောင် လိုချင်တိုင်းဝယ်လို့မရဘူး"

မတ်လဆန်းပိုင်းက အမ်းမြို့နယ်အနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က အမ်းမြို့နယ်အဝင်အထွက်တွေကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဧပြီလ ၂ ရက်နေ့ကလည်း အမ်း - ပဒါန်းတောင်ကြားလမ်းကို ရက္ခိုင့်တပ်တော် (AA) က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။