နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်လို့ စစ်သားဟောင်း တစ်ယောက် သေဆုံး
2019.09.15
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာမှာ မနေ့ညက အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ဝင်ရောက်ပစ် ခတ်လို့ စစ်သားဟောင်း တစ်ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ ခလရ ၃၄ တပ်ရင်းက ထွက်သွားတဲ့ တပ်မတော်သားဟောင်းဖြစ်ပြီး ရူးစံပြကျေးရွာမှာ ဇနီးဖြစ်သူနဲ့ နေထိုင်နေတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
မနေ့ည ၇ နာရီလောက်က နေအိမ်အတွင်း ထမင်းစားနေစဉ် အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။
တပ်မတော်က ထွက်ထားသူတွေကို တပ်သတင်းပေးဆိုပြီး ရက္ခိုင့်တပ်တော် အေအေက သတ်တာလို့လည်း တပ်ကစွပ်စွဲပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို စုံစမ်းနေဆဲဖြစ်ပြီး အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။
တပ်ဘက်က စွပ်စွဲချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)