အမ်းမြို့ ဒေသခံရုပ်အလောင်း မိသားစုပြန်ယူဖို့ ခက်ခဲနေ
2020.05.26
အမ်းမြို့နယ်က အသက် ၅၁ နှစ်အရွယ်အရွယ် ဦးအောင်သိန်းဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က အခြားအဖော် နှစ်ဦးနဲ့အတူ မြေပုံမြို့နယ် ကမ်းထောင်းကြီးကို ဝါးဖောင်နဲ့ ဝါးရောင်းဖို့ သွားချိန် ကဇုကိုင်းတံတားအနီးမှာရှိတဲ့ တပ်မတော်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဦးအောင်သိန်းရဲ့ ဇနီးဖြစ်သူက ဆိုပါတယ်။
“ကဇုကိုင်းရောက်တာနဲ့ တံတားရောက်တာနဲ့ အပစ်ခံရတယ်လို့ ပြောပါတယ်။ သုံးယောက်ရှိပါတယ် သွားကြတာ။ မောင်ဝင်းရွှေ ၊ ကျော်ဝင်းနိုင်၊ ဦးအောင်သိန်း အပါဆိုရင် သုံးယောက်ပါ။ ဖောင်ရောင်းဖို့သွား တာ။ ကဇုကိုင်းနားမှာ အပစ်ခံရပါတယ်တဲ့။ စစ်သားတွေလို့ ပြောပါတယ်။ အလောင်းကို မတွေ့ရပါ။“
ကဇုကိုင်းတံတားအနီးမှာ တပ်စွဲထားတဲ့ တပ်မတော်က လမ်းပိတ်ထားတဲ့အတွက် အခုအချိန်အထိ ဦးအောင်သိန်းရဲ့ ရုပ်အလောင်းကို သွားမယူနိုင်ခဲ့ဘူးလို့ ဇနီးဖြစ်သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ သွားလာလှုပ်ရှားနေရာမှာ ဒေသခံတွေ ပျောက်ဆုံးပြီး အသတ်ခံရတာတွေဟာ မကြာခဏရှိနေပါတယ်။
မင်းပြားမြို့နယ် သင်းပုန်းချောင်းကျေးရွာက အသက် (၄၅) နှစ်အရွယ် မောင်သန်းမြင့်နဲ့ (၃၂) နှစ်အရွယ် ကိုဝင်းမောင်တို့ နှစ်ဦးဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ညမှာ နေအိမ်က ထွက်သွားချိန် ပျောက်ဆုံး ခဲ့ပါတယ်။ ဘာသတင်းမှမရဘဲ ပျောက်ဆုံးနေတဲ့ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းကို ၄ လအကြာ ဧပြီလ ၂၆ ရက်မှာ ပြန်တွေ့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆွေမျိုးတစ်ဦးက ဆိုပါတယ်။
“သတင်းတွေကတော့ အမျိုးမျိူးထွက်တယ်။ တပ်ထဲမှာရှိတယ်လိုလိုဘာလိုလိုနဲ့ နောက်တော့ လေးလပိုင်း ၂၆ ရက်နေ့မှာ ကြက်ယက်ဘုရားတော်ပေါ်မှာ သူတို့ရဲ့ အရိုးနဲ့ အင်္ကျီကို သွားတွေ့တယ်။ သူတို့ပျောက်သွားတာ ကို ကျွန်တော်တို့လည်း ဘယ်သူ့ကိုမှတော့ မစွပ်စွဲပါဘူး။ ဒါပေမဲ့ သိတော့သိတယ်။"
သေဆုံးသွားသူတွေကို တွေ့ရှိခဲ့တဲ့ ကြက်ယက်ဘုရားတောင်ရိုးတလျှောက်လုံးဟာ တပ်မတော်စစ်ကြောင်း စခန်းချတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီဘုရားတောင်ရိုးပေါ်မှာ ဗုံးခိုကျင်းတွေ တူးထားပြီး အဲဒီကျင်းထဲမှာ အလောင်းကို မြှပ်ထားခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားသူတွေကို ပြန်တွေ့တဲ့ အချိန်မှာတော့ ရုပ်အလောင်းကို ပီပီပြင်ပြင် မမြင်ရတော့ဘဲ အဝတ် အစားတွေကိုကြည့်ပြီး အတည်ပြုခဲ့တာလို့ ကိုဝင်းမောင်ရဲ့ ဇနီးက ဆိုပါတယ်။
“တောင်ပေါ်မှာ ထင်းခုတ်ဖို့သွားတဲ့သူတွေက အရိုးအစအနတွေတွေ့လို့ ကိုယ့်လူဟုတ်မဟုတ် လာကြည့်ဖို့ ခိုင်းလို့ သိရတာပါ။ သင်္ဂြိုဟ်ထားတဲ့နေရာနားမှာ အဝတ်စတွေ တွေ့ပါတယ်။ ပူးပြီး မြေမြှပ်ခဲ့တယ်။ အဲဒီနားမှာ အဝတ်တွေ အရိုးတွေရှိနေတယ်။ တောင်ပေါ်မှာတူးပြီးမြှပ်ခဲ့တာ။ ပျောက်သွားချိန်ကလည်း လူ့အခွင့်အရေးအဖွဲ့တွေ ရဲတွေကိုတိုင်ခဲ့ပါတယ်။ ဘာမှသတင်းမရပါဘူး။"
အလားတူပဲ မင်းပြားမြို့နယ် မင်းရွာဒေသခံ သုံးဦးဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က တောထဲ ထင်းခုတ်သွားချိန် တပ်မတော်စစ်ကြောင်းနဲ့တွေ့ပြီး ခေါ်ဆောင်ခြင်းခံရပြီးနောက် ၁ လအကြာမှာ သူတို့ သုံးဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ မင်းရွာဒေသခံ တစ်ဦးက ပြောပါတယ်။
“မင်းရွာက ဒေသခံ ၃ ယောက်ဟာ သုံးလပိုင်း ၂၅ ရက်မှာ တောထဲထင်းခုတ်သွားတာ တပ်မတော်နဲ့ တွေ့ပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။ သူတို့ကိုခေါ်သွားပြီး ဖုံသာချောင်းခွဆုံဆိုတဲ့ရွာ ကိုရောက်သွားတဲ့အခါ အဲဒီ ရွာသားတွေက မြင်လိုက်တယ်။ သူတို့ သုံးယောက်ပါတာကို။ နောက်ပြီးတော့ သူတို့ဘယ်ရောက်သွားလဲ ဆိုတာ မသိတော့ဘူး။ ဧပြီလ ၂၃ ရက်နေ့မှာ ဖုံသာချောင်းခွဆုံရွာ အနောက်ဘက်တောင်တန်းထဲက ချိုင့်ထဲမှာ သူတို့မြေမြှုပ်ထားတာကို တွေ့ရတယ်။ အရိုးတွေ အဝတ်အစားတွေတွေ့တယ်။"
နှစ်ဖက်တိုက်ပွဲကြားမှာ ပြည်သူတွေကို မတရားဖမ်းဆီးခေါ်ဆောင်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို ရပ်တန့်သင့်ပြီလို့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်း က ဆိုပါတယ်။
“ဒီလိုပဲ နှစ်ဖက်တိုက်ပွဲမှာ ကြားက ပြည်သူတွေကို မတရားဖမ်းဆီးခေါ်ဆောင်တယ်။ AA လို့စွပ်စွဲတယ်။ မဟုတ်ဘူးဆိုရင်လည်း အတင်းဝန်ခံခိုင်းတယ်။ အဲလိုလုပ်နေတာတွေကို တွေ့ရပါတယ်။ အဲဒါက လူ့အခွင့် အရေး ချိုးဖောက်မှု တစ်ခုပဲ။ အပြစ်မဲ့ ပြည်သူတွေအပေါ်မှာ ကျူးလွန် သတ်ဖြတ်တာ တချို့ဟာတွေဆိုရင် ညှဉ်းပန်းနှိပ်စက်တာတွေ တွေ့ရတယ်။ အပြစ်မဲ့ပြည်သူတွေကို မထိခိုက်ဖို့အတွက် ပြောချင်ပါတယ်။"
တပ်မတော်အနေနဲ့ AA အဖွဲ့ဝင်တွေ၊ AA ကိုထောက်ပံ့သူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီး အရေးယူ တာတွေရှိသလို ရက္ခိုင့်တပ်တော် AA ကလည်း တပ်မတော်ကို သတင်းပေးနေတယ်ဆိုပြီး သံသယရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေလည်ရှိနေပါတယ်။ ဒီလို ဖမ်းဆီးမှုတွေ ကြားထဲ ပျောက်ဆုံးခဲ့ပြီး သေဆုံးခဲ့ရမှုတွေဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရဘဲ တပ်မတော်နဲ့ AA တို့အကြား အပြန်အလှန် စွပ်စွဲမှုတွေသာ ရှိခဲ့ပါတယ်။
ရခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကတော့ “တပ်မတော်အနေနဲ့ ရခိုင်အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေရှိကြောင်း၊ ဒါဟာ မြန်မာအစိုးရ နဲ့ စစ်တပ်က ကြိုတင်စီမံတာတွေကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ကြောင်း၊ ရခိုင်ဒေသကို အင်တာနက်ဖြတ်တောက် သတင်းမီဒီယာတွေကို အမှောင်ချပြီး ရခိုင်တွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ အစီအစဉ်ချထားတာရှိကြောင်း၊ ဒါပေမဲ့ တဘက်မှာ နိုင်ငံတကာတရားရုံး ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားရင်ဆိုင်နေရတာရှိတော့ သူတို့က တခါထဲများများမဟုတ်ဘဲ တယောက်ရရင်တယောက် ကြုံရင်ကြုံသလို ရခိုင်လူမျိုးတွေကို သတ်ဖြတ်နေတာဖြစ်တယ် ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်” လို့ပြောပါတယ်။
ဒီလိုဖမ်းဆီးမှုတွေ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းထံကို RFA က အကြိမ်ကြိမ် ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
တပ်မတော်အနေနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးတာတွေရှိကြောင်း၊ တပ်မတော်အနေနဲ့ ခေါ်ယူမေးမြန်းတာတွေမှာ တရားဥပဒေဘောင်ကျော်လွန်ပြီး နှိပ်စက်တာတွေရှိရင် စုံစမ်းဖော်ထုတ် အရေးယူသွားမှာဖြစ်ကြောင်း၊ ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်တာမျိုးလည်းမရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို အရင်က ဆက်သွယ်မေးမြန်းချက်တွေမှာ ပြောကြားခဲ့ဖူးပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေကျေထိခိုက် တာတွေ ပိုများလာနေပါတယ်။ RFA က ကောက်ယူရရှိတဲ့ အချက်အလက်တွေအရ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒီနှစ် ဇန်နဝါရီလကနေ မေလ ၂၆ ရက် နေ့လယ်ပိုင်းအထိ အရပ်သားထိခိုက် သေဆုံးမှု ၁၄၉ ဦး ရှိနေပြီး ဒဏ်ရာရရှိသူ ၃၅၀ ရှိနေပြီ ဖြစ်ပါတယ်။