မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံက ဘန်ကာကို အမည်မသိအဖွဲ့ ဝင်ပစ်

2022.05.17
မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံက ဘန်ကာကို အမည်မသိအဖွဲ့ ဝင်ပစ် ရန်ကုန်မြို့ သမိုင်းလမ်းဆုံမီးပွိုင့်မှာ စစ်ကောင်စီတပ်၏ ဘန်ကာတစ်ခုကို ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တွေ့ရစဥ်
Photo: RFA

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံက စစ်ကောင်စီတပ်သားတွေရဲ့ အခိုင်အမာ ဆောက်ထားတဲ့ ဘန်ကာကို မေလ ၁၇ ရက် ဒီနေ့ ၁၁ နာရီခွဲဝန်းကျင်လောက် အမည်မသိ အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တယ်လို့ အနီးနားမှာ ရှိနေခဲ့သူတွေက RFA ကို ပြောပါ တယ်။

အမည်မသိအဖွဲ့က ဗုံးပစ်သွင်းခဲ့တာဖြစ်ပြီး ပစ်ခတ်မှုပါ ဖြစ်ခဲ့တယ်လို့ အနီးနားမှာ ရောက်ရှိနေတဲ့ ကုန်ပစ္စည်း ပို့ဆောင်သူတစ်ဦးက ပြောပါတယ်။

"ကျနော်သိတာက ခွေးဘီလူး(ဟိုက်ဂျက်) ကားလေးနဲ့ ဝင်ပစ်တယ်။ ပေါက်ကွဲ သွားတယ်။ စစ်သားတွေက ပြန်ပစ်တယ်။ ဒီလောက်ပါပဲ။ ကျနော်သွားတော့ မီးပွိုင့်မိတဲ့အချိန်မှာ အပေါ်ကိုခေါ်ပြီး စစ်တာပါ။ ပုံးဖွင့်ပြရတယ်။ တချို့ ပါကင် ပိတ်ပစ္စည်းတွေ ဖောက်ပြရတယ်။ အဲဒီကနေ ကျနော်ပြန်လာတယ်"

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက အဲဒီအနားတစ်ဝိုက်ကို လုံခြုံရေး တိုးချထားပြီး အနီးနားက ကုန်ပစ္စည်းပို့ လုပ်ကိုင်နေသူတွေကို ခေါ်ယူစစ်ဆေးတာ၊ ပစ္စည်းတွေဖွင့်ဖောက် စစ်တာမျိုးတွေ ရှိခဲ့တယ်လို့ သူက ပြောပြပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးတယ်လို့ ရေးသားနေကြပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ပစ်ခတ်မှုဖြစ်ချိန် အဲဒီနေရာမှာရှိနေတဲ့သူတွေကလည်း အတည်မပြုနိုင်ဘူးလို့ ပြောကြ ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း သမိုင်းလမ်းဆုံက လုံခြုံရေးယူထားတဲ့ နေရာတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ ပစ်ခတ်မှုဖြစ်တဲ့ သမိုင်းလမ်းဆုံအပါအဝင် ရန်ကုန် မြို့က လမ်းဆုံ လမ်းခွတွေမှာ ဘန်ကာတွေကို အခိုင်အမာဆောက်လုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။