AA နဲ့ တပ်မတော်တို့ကြောင့် လူထုထိခိုက်သေဆုံးမှုတွေကို ANP စုံစမ်းမည်
2019.03.20

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့က သမိုင်းဝင်ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ ထိခိုက်နစ်နာတာတွေကို နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ တင်ပြဖို့ ရခိုင်အမျိုးသားပါတီ ANP က စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီကော်မရှင်မှာ ANP ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဦးဆောင်ပြီး မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဦးလှစော၊ ဒေါ်ခင်စောဝေ၊ ဦးမောင်သန်းစိန်၊ ဦးထွန်းအောင်သိန်း၊ ဦးအောင်သန်းတင် နဲ့ ဦးထွန်းသာစိန် တို့ ပါဝင်ပါတယ်။
ကော်မရှင်ဟာ ၇ရက်အတွင်း အပြီးသတ် အစီရင်ခံစာပြုစုပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ တင်ပြရမှာဖြစ်ပါတယ်။
မတ်လ ၁၈ ရက်နေ့ညက မြောက်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ AA နဲ့ တပ်မတော်တို့က အပြန်အလှန်စွပ်စွဲထားတဲ့ ကြေညာချက်တွေ ထုတ်ပြန်ထားကြပါတယ်။