ရခိုင်ကျေးရွာတွေ လုံခြုံရေးယူပေးဖို့ ANP တင်ပြ
2016.10.12

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်-မောင်တော မှာနေထိုင်ကြတဲ့ လူနည်းစုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေရဲ့ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က မနေ့က ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
တိုင်းရင်းသားကျေးရွာတွေမှာ လုံခြုံရေးကင်းမဲ့နေတာကြောင့် တောင်းဆိုခဲ့တာလို့ မနေ့ကတွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီ အတွင်းရေးမှူး ဦးသာထွန်းလှ က ပြောပါတယ်။
မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်ရဲကင်းတွေတိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စအပေါ် အစိုးရက ကိုင်တွယ်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်တို့ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကြံဉာဏ်ကို ရယူနိုင်ဖို့ဆိုပြီး မနေ့ကတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ရခိုင်အမျိုးသားပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ပြီး နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံရတဲ့ကိစ္စဟာ နိုင်ငံတော် အချုပ်အခြာကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် လုံခြုံရေးအင်အားတွေ တိုးမြှင့်ပြီး ရှင်းလင်းဆောင်ရွက်ဖို့ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
မောင်တောမြို့နယ်အတွင်းက လုံခြုံရေးအခြေအနေတွေကြောင့် ပိတ်မိနေတဲ့ တိုင်းရင်းသားကျေးရွာတွေအတွက် စားနပ်ရိက္ခာတွေကိုလည်း အစိုးရက စီမံဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။