ANP မဲဆွယ်ဟောပြောချက်စာတမ်းကို ပြင်ဆင်မှာမဟုတ်


2018.08.30
tunaungkyaw-anp-622.jpg ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို တွေ့ရစဉ်
Photo: Tun Aung Kyaw/ Facebook

အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ANP ရခိုင်အမျိုးသားပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ပါတီဘက်ကတော့ ပြန်လည်ပြင်ဆင်ပေးမှာ မဟုတ်ဘူးလို့ ANP ပါတီခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။

စာတမ်းကို ပြင်မပေးနိုင်တဲ့အတွက် ကော်မရှင်က ခွင့်မပြုဘူးဆိုရင်လည်း ရုပ်မြင်သံကြားမှာ ဟောပြောမှာ မဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“လူမျိုးကိုအခြေခံတဲ့ ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပေါ်ပေါက်ရေး ဆိုတဲ့စာသားကို အဲဒါဟာ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ မကိုက်ညီတဲ့အတွက် အဲဒီစာသားကို ပြန်ပြင်ဖို့ဆိုပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလာပါတယ်။ ပါတီရဲ့မူဝါဒကို အလွယ်တကူ ပြုပြင်ပြောင်းလဲလို့ မရနိုင်ပါဘူး။ ပြုပြင်ပြောင်းလဲမှုမလုပ်လို့ ကျနော်တို့ကို ခွင့်မပြုရင် ကျနော်တို့က ရုပ်မြင်သံကြားမှာ မပြောရုံပဲရှိတယ်”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပြင်ဆင်ပေးဖို့ ပြောဖို့အချက်ထဲမှာ “ရခိုင်လူမျိုး” ဆိုတဲ့ အသုံးအနှုန်းအစား “ရခိုင်တိုင်းရင်းသား” ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းသုံးပေးဖို့ ပါဝင်ပါတယ်။

လူမျိုးကိုအခြေခံတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေးဆိုတာဟာ ရခိုင်အမျိုးသားပါတီရဲ့မူဝါဒ ဖြစ်တာမို့ ပြင်ဆင်ပေးဖို့ မရှိကြောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂ဝ၁ဝ ကနေ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေအထိ နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောခဲ့ရာမှာ ရခိုင်လူမျိုးလို့သာ သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက လစ်လပ်နေတဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး၊  စက်တင်ဘာလ ၅ရက်နေ့မှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ မဲဆွယ်ဟောပြောဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။