NLD တိုင်းကိုယ်စားလှယ်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား


2018.04.04
accm-office-622.jpg အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ်
Photo: ACC Myanmar - facebook

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် ဒေသခံတွေဆီက ငွေကြေးကောက်ခံခဲ့တဲ့အပြင် သတင်းသမားကိုပါ သတင်းမရေးဖို့ ငွေနဲ့ညှိနှိုင်းခဲ့တယ်ဆိုပြီး NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် ကို အလွတ်သတင်းထောက် ကိုသူရစိုးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားပါတယ်။

ဒေသခံတွေဆီက ငွေယူတဲ့ကိစ္စကို သတင်းရယူတဲ့အခါ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ခေါ်ယူပြီး သတင်း ဆက်မလိုက်ဖို့ ငွေကြေးနဲ့ညှိနှိုင်းခဲ့တဲ့အတွက် ကော်မရှင်ကို တိုင်ကြားလိုက်တာဖြစ်တယ်လို့ ဒေသခံ အလွတ်သတင်းထောက် ကိုသူရစိုး က ပြောပါတယ်။

"သူက ကျနော့်ကိုမေးတယ်၊ ဘယ်သတင်းဌာနတွေမှာ ရေးသလဲ၊ ဘယ်အကြောင်းအရာတွေ သိခဲ့သလဲဆိုပြီး မေးခွန်းတွေ ဆက်မေးတော့ ကျနော်က ခင်ဗျားကို မဖြေနိုင်ဘူး၊ မေးရအောင် ကျနော် အယ်ဒီတာလည်း မဟုတ်ဘူးလို့၊ ကျနော့်ကို ဘာ့ကြောင့်ခေါ်တွေ့တာလဲ ပြောဆိုတော့၊ ပွင့်ပွင့်လင်းလင်းပြောရရင် သူက အဲသတင်းနဲ့ ပတ်သက်ပြီးတော့ ဆက်မရေးစေချင်ဘူး၊ မလိုက်စေချင်ဘူး၊ ကျေးရွာကနေ တောင်းထားတဲ့ ပိုက်ဆံသိန်း ၁၀၀ ထဲကနေ သိန်း ၈၀ လောက်ကလည်း မီတာခေါင်းပြောင်းတဲ့အတွက် သူပေးစရာရှိတာတွေ ပေးပြီးပြီ၊ ကျေးရွာက မကျေလည်တဲ့အခါမျိုးမှာ ဒါကို သူက စိုက်ပြီးတော့ ပြန်လျော်ရမှာ ဖြစ်တယ်၊ ဒါပေမဲ့လည်း သူပိုက်ဆံ ဘယ်လောက်အကုန်အကျရှိရှိပေါ့၊ ကျနော့်အတွက် အဆင်ပြေမယ်ဆိုလို့ရှိရင် ပိုက်ဆံ ၃/ ၄ သိန်း မျိုးတော့ သူလုပ်ပေးနိုင်ပါတယ်၊ အဲစကားမျိုးပြောလာတယ်၊ ကျနော်ကလည်း သတင်းသမားတလျှောက် မှာတော့ ဒီလိုငွေရေးကြေးရေးနဲ့ မပတ်သက်ဘူး၊ ဖြူဖြူစင်စင်နေခဲ့တာ လို့ပြောပြီးတော့ ကျနော် ပြန်လာခဲ့တယ်၊ ကျနော်တို့ သတင်းသမားကို ပိုက်ဆံပေးလို့ရှိရင် ရတယ်ဆိုတဲ့ ပုံစံမျိုးပေါက်တယ်ပေါ့နော်၊ အဲဒါကြောင့်မို့လို့ ဂျာနယ်တိုက်တွေကို ပို့မယ့် သတင်းရေးသားထားတဲ့ဟာရဲ့အောက်မှာ လိုအပ်ရင်လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါဆိုပြီးတော့ ကျနော်က ကော်မရှင်ဆီကိုတော့ ပို့လိုက်တယ်၊ တိုင်သလိုတော့ ဖြစ်သွားတာ ပေါ့နော်"

ဒေသခံတွေဆီကနေ ယူသွားတဲ့ ငွေကျပ် သိန်း ၁၀၀ ထဲက သိန်း ၉၀ ကို ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ပြန်လာပေးတယ်လို့ ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေး ကော်မတီဝင် ဦးအောင်သိန်းဝင်း က ပြောပါတယ်။

"ကျနော်တို့ ဒီရွာဦးဘုန်းတော်ကြီးကျောင်းမှာပဲ ဆရာတော် ၄ ပါးနဲ့ ကျနော်တို့ ကော်မတီတချို့ရဲ့ ရှေ့မှာ သိန်း ၉၀ လာပြန်ပေးထားပါတယ်၊ လကုန်ကျလို့ရှိရင် ၁၀ သိန်းကို ပြန်ပေးပါမယ်၊ လစာထုတ်ပြီးတာနဲ့ ထပ်ပေးပါမယ် ဆိုပြီးတော့ သူပြောသွားပါတယ်၊ ဆရာတော်တစ်ပါးက မေးလိုက်တယ်၊ ဒီငွေကို ယူစဉ်တုန်းက ဘယ်အတွက် ယူသွားတာလဲဆိုပြီးတော့၊ သူမဖြေနိုင်ဘူး၊ မဖြေနိုင်ဘဲနဲ့ အခုလိုမျိုး ပြဿနာတွေဖြစ်တဲ့အခါ ကျတော့ သူပြန်ပေးခြင်းပဲ ဖြစ်တယ်ပေါ့"

ပြီးခဲ့တဲ့မတ်လအတွင်း အိမ်မဲမြို့နယ် တကောကျေးရွာမီးလင်းရေးအတွက် ဘတ်ဂျတ် ခွင့်ပြုချက်ရရှိလာတဲ့ ထရန်စဖော်မာကို တကောကျေးရွာက မလိုတဲ့အတွက် ညောင်ကုန်းချောင်းဖျားကျေးရွာအတွက် ဘတ်ဂျတ်ခေါင်းစဉ် ပြောင်းလဲပြီး ရယူဖို့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို ငွေပေးရမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် က ဒေသခံတွေကို ပြောကြားခဲ့တယ်လို့  ဦးအောင်သိန်းဝင်းက ပြောပါတယ်။

အဲဒီအတွက် ကျေးရွာမီးလင်းရေးကော်မတီကနေ ငွေကျပ်သိန်း ၁၀၀ ကို မတ်လလယ်ပိုင်းမှာ ယူသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငွေပေးလိုက်ပေမယ့် ဒေသခံတွေက အိမ်မဲမြို့နယ် NLD ပါတီ ဥက္ကဌကို နှုတ်နဲ့ တိုင်ကြား ခဲ့ကြောင်း၊ တိုင်ကြားမှုအတွက် လိုအပ်တာတွေ ဆောင်ရွက်နေကြောင်း ပါတီဥက္ကဌ ဦးမောင်မောင်ကြီး က အတည်ပြုပြောပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် ကို RFA က မေးမြန်းဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

အလွတ်သတင်းထောက် ကိုသူရစိုးက မတ်လကုန်လောက်မှာ အီးမေးလ်ကတဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားစာကို ပေးပို့ခဲ့တာဖြစ်ပြီး တိုင်ကြားစာကို လက်ခံရရှိထားကြောင်း ကော်မရှင်ရုံးဝန်ထမ်း တစ်ဦးက အတည်ပြုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။