အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း တင်သွင်း


2018.03.05
sanwin-622.jpg အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း ကို ၂ဝ၁၈ ခုနှစ် မတ်လ ၅ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
.

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို လေးကြိမ်မြောက် ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသား လွှတ်တော်မှာ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက တင်သွင်းလိုက်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက ပြည်သူ့ဘဏ္ဍာငွေကို ကိုင်တွယ်သုံးစွဲရတဲ့ အစိုးရဌာနတွေမှာ အဂတိလိုက်စားမှု လျော့နည်းပပျောက်အောင်ရည်ရွယ်ပြီး ပြင်ဆင်တာဖြစ်တယ်လို့ တင်ပြခဲ့ ပါတယ်။

"ဒီဥပဒေကြမ်းကို တင်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ အစိုးရဌာနများနဲ့ အစိုးရအဖွဲ့အစည်းများရဲ့ ပြည်သူ့ဘဏ္ဍာငွေကို ကိုင်တွယ်သုံးစွဲရာတွင် အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်ရတဲ့ လေလွင့်ဆုံးရံှူးမှုများ လျော့နည်းကျဆင်းသွားစေရန် စီးပွားရေးပို့ကုန်လုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာလည်း အဂတိလိုက်စား မှုကြောင့်ဖြစ်ပေါ်ရတဲ့ နိုင်ငံတော်ပိုင် ငွေကြေး ပစ္စည်း ထိခိုက်နစ်နာပျက်စီးဆုံးရံှူးမှုများကို အကာအကွယ်ပေးရန် နဲ့ မြန်မာနိုင်ငံတဝှမ်းလုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီးဖြစ်တဲ့ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သဘောတူစာချက်ပါ ပြဌာန်းချက်များနဲ့ လိုက်လျောညီထွေဖြစ်စေရန်အတွက်ဖြစ်ပါတယ်"

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ဥက္ကဌအဖြစ် အရင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်မှာ ခန့်အပ်ခဲ့ပြီးနောက် ဥပဒေကြမ်းကို တင်သွင်းလာတာဖြစ်ပါတယ်။

ဥပဒေကြမ်းမှာ အရေးယူနိုင်တဲ့ ပြစ်မှုတစ်ခုခုကို မည်သူမဆို  ပြည်တွင်းမှာ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ ရေယာဉ် ဒါမှမဟုတ် လေယာဉ်တစ်ခုခုပေါ်မှာ ကျူးလွန်ရင်ဖြစ်စေ၊ မြန်မာနိုင်ငံသား မြန်မာနိုင်ငံမှာ အမြဲနေတဲ့ ဒါမှမဟုတ် နေထိုင်ခွင့်ပြုတဲ့ နိုင်ငံခြားသားက ပြည်ပမှာကျူးလွန်ရင်လည်း စီရင်ခွင့်ရှိ ရမယ်လို့ ဖော်ပြထားပါတယ်။

မူလဥပဒေမှာ အမိန့်ချမှတ်ခြင်းခံရသူဟာ ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်အစား  ဥပဒေကြမ်းမှာ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်၊ အစိုးရရဲ့ ငွေကြေးအစား နိုင်ငံတော်ရဲ့ ငွေကြေးဆိုပြီး ပြင်ဆင်ထားတာ တွေ့ရပါတယ်။

အဲဒီဥပဒေကြမ်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နဲ့ ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။