စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ကသည်းသူပုန်ငါးဦးကို အိန္ဒိယဘက်လွှဲပြောင်း

2021.12.16
စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ကသည်းသူပုန်ငါးဦးကို အိန္ဒိယဘက်လွှဲပြောင်း အိန္ဒိယ- မြန်မာ နယ်စပ်တစ်နေရာကို တွေ့ရစဉ်။
Photo: Reuters

မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိထားတဲ့ နယ်စပ်အခြေစိုက် အိန္ဒိယ တော်လှန်ရေးတပ်ဖွဲ့၀င် ငါးဦးကို စစ်ကောင်စီက အိန္ဒိယအာဏာပိုင်တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က လွှဲပြောင်းပေးလိုက်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ကို ကိုးကားပြီး AP သတင်းတစ်ရပ်မှာ ‌ဖော်ပြပါတယ်။

အခု လွှဲပြောင်းပေးလိုက်သူတွေဟာ မဏိပူပြည်နယ် လွတ်‌‌မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ၀င်နေတဲ့ PLA ပြည်သူ့လွတ်‌မြောက်ရေးတပ်ဖွဲ့၀င်တွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ မြန်မာဘက်က ဖမ်းဆီးမိခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းက အကျဉ်းထောင်တစ်ခုမှာ ထိန်းသိမ်းထားတာလို့ အမည်မဖော်လိုတဲ့ အိန္ဒိယရဲအရာရှိတစ်ဦးက ပြောပါတယ်။ အိန္ဒိယစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာ ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

သူတို့ကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယလေတပ်က မြန်မာနိုင်ငံကတေ မဏိပူပြည်နယ်ကို လေယာဉ်နဲ့ ပြန်လည်သယ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့လက အိန္ဒိယစစ်တပ်က ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဇနီး၊ သားတို့အပြင် စစ်သည် ၄ ဦးကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကို အခုလို အကျဉ်းသားတွေပြန်လွှဲပေးတာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်ကလည်း နယ်စပ်မှာဖမ်းဆီးရမိထားတဲ့ အိန္ဒိယ တော်လှန်ရေးတပ်ဖွဲ့၀င် ၂၂ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေးနဲ့ပတ်သက်ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်လက်မှတ် ရေးထိုးထားပါတယ်။ ဒီသဘောတူညီချက်မှာ နယ်စပ်ဒေသတည်ငြိမ် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။