အေအေ တပ်သားတွေရဲ့ ကျူးလွန်မှုတွေကို အရေးယူပေးဖို့ ချင်းကော်မတီ တောင်းဆို

RFA Burmese
2023.02.09
အေအေ တပ်သားတွေရဲ့ ကျူးလွန်မှုတွေကို အရေးယူပေးဖို့ ချင်းကော်မတီ တောင်းဆို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။
Nyotwanawng - Twitter

ရခိုင်ပြည်နယ် မြေပုံနဲ့ မင်းပြားမြို့နယ်တွေမှာ အရပ်သားတွေကို ရက္ခိုင့်တပ်တော် (AA) ရဲ့ အောက်ခြေတပ်သားတွေက ရိုက်နှက်နှိပ်စက်မှုတွေရှိနေပြီး ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးဖို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်) က ဖေဖော်ဝါရီလ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှာ မြေပုံမြို့နယ် တုတ်ချောင်းရွာက ချင်းအမျိုးသား နှစ်ဦးကို AA တပ်သားတွေက လက်ပြန်ကြိုးတုပ် အုပ်စုလိုက်ရိုက်နှက်မှုတွေရှိခဲ့တာကြောင့် တစ်ဦးဟာ ဒဏ်ရာပြင်းထန်ပြီး ဒီနေ့ထိ ဆေးရုံတက်ကုသနေရဆဲပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် တောင်ရှည်ပြင်ရွာ အုပ်ချုပ်ရေးမှူးကို AA အဖွဲ့ရဲ့ ဗိုလ်မှူးတစ်ဦးက ရိုက်နှက်ခဲ့ပြီး ရွာသူရွာသားတွေကိုလည်း သေနတ်ထုတ် ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ဘက်က တစ်စုံတရာ ပြန်လည် ဖြေရှင်းပေးတာ မရှိသေးတဲ့အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကလည်း နစ်နာသူတွေအတွက် တရားမျှတမှုရရှိဖို့ စုံစမ်းစစ်ဆေးတာနဲ့ အရေးယူဆောင်ရွက်တာတွေ မတွေ့ရသေးဘူးလို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီက ပြောပါတယ်။

အခုလုပ်ရပ်တွေဟာ ပြည်သူတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဖြစ်တာကြောင့် AA အနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဆလိုင်းပိုင်ဆွန်က RFA ကို ပြောပါတယ်။

“ပြည်သူလူထုတွေအပေါ် ပြုမူတာတွေကျတော့ ကျနော်တို့ လက်မီသလောက်ပဲ ပြောထားတာ။ ကျနော်တို့ လက်လှမ်းမမီတဲ့ အကြောင်းအရာတွေလည်းရှိတယ်။ အောက်ခြေတပ်သားတွေကလည်း ခြိမ်းခြောက်အကျပ်ကိုင်ပြီး သတင်းမီဒီယာတွေကို မပေါက်ကြားအောင် ပြောထားတာတွေရှိတယ်။ ပြည်သူတွေကို အာဏာအလွဲသုံးစား လုပ်ပြီး ကိုင်တွယ်ဖြေရှင်းတာတွေရှိတယ်။ ဒါတွေက လူ့အခွင့်အရေး ချိုးဖောက်မှုကို ဦးတည်နေတယ်။ ဒါတွေကို ULA ဗဟိုကော်မတီအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ AA ရဲ့သဘောထားကို သိနိုင်ဖို့ ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) က ဒေသ တရားရုံးတွေဖွင့်ပြီး တရားရေးကို ကိုင်တွယ်ဖြေရှင်းနေတာပါ။ ဒါပေမဲ့ AA တပ်သားတွေ ကျူးလွန်တဲ့အမှုတွေကိုတော့ ဗဟိုက မသိရှိအောင် ဖုံးကွယ်ထားတာကြောင့် တရားမျှတမှု မရရှိတဲ့ ဖြစ်ရပ်တွေလည်းရှိနေတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။